မီဒီယာတွေအနေနဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ လှူဒါန်းကူညီရေးနဲ့ စည်းရုံးရေးကို ကူညီတဲ့အနေနဲ့ ရုပ်ရှင် အစည်းအရုံးနဲ့ ပတ်သက်ပြီး သတင်းအမှားတွေ ဖော်ပြတာတွေ မပြုလုပ်ဖို့ မေတ္တာရပ်ခံထားပါတယ်။

မီဒီယာအချို့က “ရုပ်ရှင်ထူးချွန်ဆုပေးကာနီးတွင် ရုပ်ရှင်သရုပ်ဆောင်များ ရုပ်ရှင်အစည်းအရုံးသို့ အပြိုင်အဆိုင် လှူဒါန်းကြ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြနေတာကြောင့် သတင်းအမှားတွေ ဖော်ပြတာတွေ မပြုလုပ်ဖို့ မေတ္တာ ရပ်ခံထားတာ ဖြစ်ပါတယ်။မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဟာ အစိုးရမဟုတ်တဲ့ လူမှုရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ရုပ်ရှင်ဖခင်ကြီးတွေ ဦးဆောင်ဖွဲ့စည်းခဲ့တာဟာ ၂၀၂၆ ခုနှစ် မတ်လ ၈ ရက်မှာ နှစ်(၈၀)သက်တမ်း ပြည်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

အစည်းအရုံး ရေရှည်ရပ်တည်နိုင်ဖို့အတွက် နိုင်ငံတော်အစိုးရ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းအစိုးရ၊ ဆန်နှင့်ဆီကုန်သည်များအသင်း၊ စေတနာရှင် ပုဂ္ဂိုလ်တွေ၊ ရုပ်ရှင်ရုံပိုင်ရှင်တွေ၊ ထုတ်လုပ်သူတွေနဲ့ သရုပ်ဆောင် တွေရဲ့ ပံ့ပိုးမှုတွေနဲ့ ရပ်တည်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ရုပ်ရှင်အစည်းအရုံးဟာ အာဏာပိုင်အဖွဲ့အစည်းမဟုတ်တာကြောင့် အာဏာလည်းမရှိ၊ လုပ်ပိုင်ခွင့်လည်း နည်းပါး ပြီး ရုပ်ရှင်ထူးချွန်ဆုတွေကိုလည်း မိမိစိတ်သဘောတစ်ခုတည်းနဲ့ ဆုံးဖြတ်ပေးဆောင်တာမျိုးတွေလည်း လုပ်ပိုင်ခွင့် မရှိဘူးလို့ ဆိုပါတယ်။