စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးနဲ့ ဟုမ္မလင်းမြို့နယ်အတွင်းရှိ ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောရှိ ရှားပါး စာရင်းဝင် တောရိုင်းတိရစ္ဆာန်တွေရဲ့ ကျက်စားနေထိုင်နေမှုတွေကို ကင်မရာတွေနဲ့ မှတ်တမ်းတင် စာရင်းပြုစု နေတယ်လို့ ထမံသီတောရိုင်း တိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။

ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောမှာ ဘင်္ဂလားကျား၊ ဝက်ဝံ၊ နို့တိုက်သတ္တဝါ နဲ့ ငှက်အပါအဝင် ရှားပါး သတ္တဝါတွေ ကျက်စားနေထိုင်နေပါတယ်။ အဲဒီတောရိုင်းတိရစ္ဆာန်တွေကို ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့နဲ့ ကျက်စားနေထိုင်မှုကို လေ့လာသိရှိနိုင်ဖို့ ကင်မရာထောင်ချောက် (၂၄)လုံးကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစပြီး တပ်ဆင်ထားတာဖြစ်ပြီး အခုနှစ် ဖေဖော်ဝါရီ ဒုတိယပတ်မှာ ကင်မရာတွေ ဖြုတ်သိမ်းမှာဖြစ်တယ်လို့ သိရပါ တယ်။

ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောမှာ အရင်နှစ်က ကင်မရာထောင်ချောက်တပ်ဆင်ကာ တောရိုင်းတိရစ္ဆာန် တွေ သွားလာကျက်စားမှုကို စောင့်ကြည့်ခဲ့ရာ ဘင်္ဂလားကျား၊ မလေးရှားနဲ့ ဟိမဝန္တာ ဝက်ဝံမျိုးစိတ်၊ ဆင်၊ အင်းကျား၊ ကြောင်မျိုးစိတ်၊ ပြောင်နဲ့ ရှားပါးမျိုးစိတ် (၂၅)မျိုးကို မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ ထမံသီ တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။ထမံသီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောဟာ (၂၀၁၉)ခုနှစ်က အာဆီယံ အမွေအနှစ် ဥယျာဉ်ကြီးအဖြစ် သတ်မှတ် ခံခဲ့ရပြီး တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ဘေးမဲ့တော တစ်ခုဖြစ်ပါတယ်။