ရာဂီမုန်တိုင်းကြောင့် အစေးထုတ်လုပ်တာနောက်ကျတာ၊ လုပ်သားရှားပါးတာ၊ ရော်ဘာစိုက်ခင်းတွေမှာ ရောဂါပိုး ကျရောက်တာနဲ့ အကြောင်းအမျိုးမျိုးကြောင့် ရော်ဘာအထွက်နှုန်း ၂၅ ရာခိုင်နှုန်း လောက်ကျ ဆင်းနိုင်တယ်လို့ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းရဲ့ အတွင်းရေးမှူး ဦးခိုင်မြင့်က ခန့်မှန်းထားပါတယ်။

အခုနှစ် ရော်ဘာအစေးခြစ် ရာသီမှာ တနင်္သာရီ၊ မွန်နဲ့ ကရင်ပြည်နယ်တို့မှာ ရှိတဲ့ ရော်ဘာခြံတွေမှာ ရောဂါပိုး ကျရောက်ခဲ့ပြီး ခုဆိုရင် ရောဂါပိုး ကျရောက်တဲ့အပင်တွေကို အားဆေးတွေ ပြန်ကျွေးနေရတယ်လို့ ဦးခိုင်မြင့်က ပြောပါတယ်။ မြန်မာ့ရော်ဘာ ထုတ်လုပ်မှု ကျဆင်းနိုင်တဲ့အတွက် အခုနှစ်ဘဏ္ဍာနှစ်မှာ ပြည်ပတင်ပို့မှုက တန်ချိန် ၂သိန်း ကျော် လောက်ပဲ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ လက်ရှိမှာ ကမ္ဘာ့ရော်ဘာအများဆုံးထုတ်လုပ်တဲ့ နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံ တွေမှာပါ ရာဂီ မုန်တိုင်းဒဏ်ကို ခံလိုက်ရတာကြောင့် ရော်ဘာအထွက်နှုန်း လျော့နိုင်တယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း ကားတာယာထုတ်လုပ်တဲ့ ကုမ္ပဏီတွေက တာယာထုတ်လုပ်မှုကို တိုးမြှင့်ထုတ်လုပ်ဖို့ ပြင်ဆင် နေပါတယ်။ ဒါကြောင့် ရော်ဘာသုံးစွဲမှု မြင့်တက်လာပြီး ထုတ်လုပ်မှုက ကျဆင်းနေတဲ့အခြေအနေကြောင့် ကမ္ဘာ့ရော်ဘာ ပေါက်ဈေးက အမြင့်ဈေးနဲ့ တည်ငြိမ်တဲ့ဈေးတန်းတစ်ခုမှာရှိနေတယ်လို့ ဈေးကွက်ကျွမ်းကျင် သူတွေက သုံးသပ်ပါတယ်။ခုဆိုရင် ရော်ဘာတစ်တန်ကို အမေရိကန်ဒေါ်လာ ၂၄၀၀ ပေါက်ဈေး ရှိနေပါတယ်။ ကမ္ဘာ့ရော်ဘာ ပေါက်ဈေး မြင့်တဲ့အတွက် ပြည်တွင်းက ရော်ဘာအမျိုးအစားအလိုက် ဈေးနှုန်းတွေကလည်း မြင့်နေပြီး အမျိုးအစားအလိုက် တစ်ပေါင်ကို ကျပ် ၂၉၀၀ ကနေ ကျပ် ၃၁၀၀ ဝန်းကျင်ကြား ပေါက်ဈေး ရှိနေတယ်လို့ သိရပါတယ်။