စနေညက ကစားခဲ့တဲ့ လာလီဂါပွဲမှာ ကြွက်သားဒဏ်ရာရခဲ့တဲ့ ရီးရဲလ်နောက်ခံလူ ရူဒီဂါဟာ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ကစားမယ့် မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ်ပွဲကို လွဲချော်ဖွယ် ရှိနေပါတယ်။ ရူဒီဂါရဲ့ ဘယ်ဘက် ခြေထောက်ကြွက်သားမှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး ရက်သတ္တပတ်အနည်းငယ် အနားယူမှာဖြစ်တယ်လို့ ဖေဖော်ဝါရီ လ ၂ ရက်နေ့က ရီးရဲလ်အသင်း အတည်ပြုခဲ့တာပါ။

အသက် ၃၁ နှစ်အရွယ် ရူဒီဂါဟာ အက်စ်ပန်ညိုအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး ပွဲချိန် ၁၅ မိနစ်မှာပဲ လူးစာလဲခဲ့ရပါတယ်။ ရူဒီဂါအနားယူရမယ့် ကာလကို အတိအကျ သတင်းမထုတ်ပြန်ပေမဲ့ စပိန်မီဒီယာတွေရဲ့ ဖော်ပြချက်အရတော့ ၂ ပတ်ကနေ ၃ ပတ်လောက်အထိ နားရဖွယ် ရှိနေတယ်လို့ သိရပါတယ်။

ရီးရဲလ်အသင်းဟာ လာမယ့် ဗုဒ္ဓဟူးညမှာ လီဂါနက်စ်အသင်းနဲ့ ဘုရင့်ဖလား ကွာတားဖိုင်နယ်ပွဲကို ကစားရမှာဖြစ်သလို စနေညမှာ အက်သလက်တီကိုအသင်းနဲ့ လာလီဂါပွဲ ကစားရဖို့ရှိနေတာ ဖြစ်ပါတယ်။နည်းပြ အန်ဆလော့တီကတော့ ရီးရဲလ်အသင်းခံစစ်မှာ ဒဏ်ရာပြဿနာတွေရှိပေမဲ့ လာမယ့်ပွဲစဉ်တွေမှာ အကောင်းဆုံး ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောထားပါတယ်။