ဗီလာအသင်းကို ရာသီကုန်အထိအငှားစာချုပ်နဲ့ ရောက်လာခဲ့တဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ဗီလာအသင်းမှာ ကစား ချင်လို့ ရောက်လာခဲ့တာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ရက်ရှ်ဖို့ဒ်ဟာ မန်ယူအသင်း ကနေ ဗီလာအသင်းဆီရောက်လာခဲ့တာဖြစ်ပြီး အပြီသတ်ခေါ်ယူခွင့်လည်း စာချုပ်ထဲ ထည့်ချုပ် ထားတယ်လို့ သိရပါတယ်။

ဗီလာအသင်းအနေနဲ့ ရက်ရှ်ဖို့ဒ်ကို အငှားခေါ်ယူမှုအတွက် မန်ယူအသင်းကို ငွေကြေး မပေးခဲ့ရပေမဲ့ သတင်းရင်းမြစ်တွေအရ ရက်ရှ်ဖို့ဒ်ရရှိတဲ့လစာရဲ့ ၇၅ ရာခိုင်နှုန်းကိုတော့ ပေးရဖွယ်ရှိနေပါတယ်။ အခုလို အပြောင်း အရွှေ့ ဖြစ်ပေါ်လာအောင် လုပ်ပေးခဲ့တဲ့ ဗီလာအသင်းကိုရော မန်ယူအသင်းကိုပါ ကျေးဇူးတင်တယ်လို့ ရက်ရှ်ဖို့ဒ် က အင်စတာဂရမ်မှာ ရေးသားထားပါတယ်။ ဗီလာအသင်းရဲ့အခုရာသီ ကစားပုံကို သဘောကျသလို နည်းပြ အမ်မရီရဲ့ ရည်မှန်းချက်တွေကိုလည်း ယုံကြည်တဲ့အတွက် ဗီလာကို ရွေးချယ်ဖို့ အလွယ်တကူပဲ ဆုံးဖြတ်ခဲ့တယ်လို့ ရက်ရှ်ဖို့ဒ်က ရေးထားပါတယ်။

ဒီဇင်ဘာလထဲက မန်ယူအသင်းရဲ့ လူစာရင်းမှာ ရွေးချယ်တာ မခံရတော့တဲ့ ရက်ရှ်ဖို့ဒ်ဟာ စိန်ခေါ်မှုအသစ်တွေ လိုချင်တယ်လို့ ပြောကြားထားသလို ဗီလာအသင်းကလည်း တိုက်စစ်မှူး ဒူရန်ကို ရောင်းချထားခဲ့လို့ တိုက်စစ်လိုအပ်ချက်အတွက် ရက်ရှ်ဖို့ဒ်ကို ခေါ်ယူအားဖြည့်ခဲ့တာလည်း ဖြစ်ပါတယ်။