နိုင်ငံတကာဈေးကွက်အသစ်တွေဖြစ်တဲ့ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ စင်ကာပူနိုင်ငံတွေကနေ မြန်မာ့သကြား ဝယ်ယူဖို့ ကမ်းလှမ်းမှုတွေ ရှိနေပေမယ့် ဈေးနှုန်းမကိုက်တဲ့အတွက် မတင်ပို့နိုင်သေးဘူးလို့ မြန်မာနိုင်ငံ သကြား နှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းရဲ့ ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောပါတယ်။

ပြည်ပကို သကြားတင်ပို့ရာမှာ တစ်တန်ကို အမေရိကန်ဒေါ်လာ ၆၀၀ ဝန်းကျင်သာ ရှိတဲ့အတွက် ပြည်တွင်း ပေါက်ဈေးနဲ့ယှဉ်ရင် ကုန်သည်တွေအတွက် ဈေးနှုန်းမကိုက်တဲ့ အခြေအနေ ရှိနေတာပါ။ဒါကြောင့် အခုဘဏ္ဍာနှစ်မှာ ပြည်ပကို သကြားတင်ပို့မှုက မနှစ်ကထက် ၃၀ ရာခိုင်နှုန်းလောက် လျော့ကျနိုင်ဖွယ် ရှိတယ်လို့ ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောပါတယ်။လက်ရှိမှာတော့ မြန်မာနိုင်ငံကသကြားတွေကို ဗီယက်နမ်ကို အဓိက တင်ပို့နေတာပါ။ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကနေ ကြံအချောင်းလိုက် တင်ပို့မှုရှိပေမယ့် တရုတ်ကို တင်ပို့နေတဲ့ သကာရည် တင်ပို့တာကိုတော့ ရပ်ထားတယ်လို့ သိရပါတယ်။

ပြည်တွင်းသကြား လက်ကားဈေးကွက်မှာ တစ်ပိဿာကို ကျပ် ၅၀၀၀ ကျော် ပေါက်ဈေး ရှိနေပြီး အရောင်း အဝယ်ကတော့ ပုံမှန်ရှိတယ်လို့ ဆိုပါတယ်။ ပြည်တွင်းမှာ သကြားဈေးကောင်းရနေတာကြောင့် သကြားစက်ရုံ တွေကလည်း ကြံတစ်တန်ကို ကျပ် ၁၈၀၀၀၀ အထိ ပေးဝယ်လာကြပြီး ကြံစိုက်တောင်သူတွေလည်း များလာ တယ်လို့ သိရပါတယ်။ ပြည်တွင်းမှာ သကြားစက်အကြီး ၂၉ ရုံ ရှိပေမဲ့ အခက်အခဲတချို့ကြောင့် ၂၆ ရုံ လောက်သာ လည်ပတ်နိုင်ပါတယ်။ အခုနှစ် ကြံရာသီမှာ ပြည်တွင်းသကြားထုတ်လုပ်မှုက တန်ချိန် ၅ သိန်းလောက် ရှိမယ်လို့ မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းက ခန့်မှန်းထားပါတယ်။