အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ရီဂင် အမျိုးသားလေဆိပ်အနီး စစ်ရဟတ်ယာဉ်နဲ့ ခရီးသည်တင်လေယာဉ် တိုက်မိ ပြီး ပျက်သွားတဲ့ ဖြစ်စဉ်မှာ ပျက်ကျလေယာဉ်ရဲ့ ဘလက်ဘောက်စ် မှတ်တမ်းတင် စက်နှစ်ခုကို ကြာသပတေးနေ့ က ရှာဖွေတွေ့ရှိထားပြီ ဖြစ်ပါတယ်။ ခရီးသည်(၆၀)တင်လာတဲ့ လေယာဉ်ဟာ ရီဂင်လေဆိပ် လေယာဉ်ပြေးလမ်း ပေါ် ဆင်းသက်ဖို့ ချဉ်းကပ်နေစဉ်မှာပဲ စစ်ရဟတ်ယာဉ်နဲ့ တိုက်မိပြီး ပျက်ကျသွားခဲ့တာပါ။

ရဟတ်ယာဉ်ပေါ်မှာတော့ စစ်သည်(၃)ယောက် စီးနင်းလိုက်ပါလာခဲ့ပါတယ်။ ဒါဟာ အမေရိကန်ပြည်မှာ ၂၀၀၁ ခုနစ်နောက်ပိုင်း လူအသေအပျောက်အများဆုံး လေကြောင်း မတော်တဆမှုဖြစ်စဉ် တစ်ခု ဖြစ်လာခဲ့ပါတယ်။ လက်ရှိမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ညပိုင်းမှာ ရပ်နားထားပြီး အနည်းဆုံး လူ(၁၄)ယောက်ဟာ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ လေယာဉ်ထိုးကျသွားတဲ့ ပိုတိုမတ် မြစ်ထဲ ရှာဖွေမှုတွေလုပ်ရာမှာ အလောင်း ဒါဇင်ချီ ဆယ်ယူရရှိထားပါတယ်။

အဲဒီလေကြောင်း မတော်တဆဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေကာ ရက်ပေါင်း (၃၀)အတွင်း ပဏာမတွေ့ရှိချက် အစီရင်ခံစာကို ထုတ်ပြန်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ ပျက်ကျသွားတဲ့ ခရီးသည်တင်လေယာဉ်ပေါ်မှာ နာမည်ကျော် စကိတ်အားကစားသမား တော်တော်များများ လိုက်ပါခဲ့ပြီး အဲဒီအထဲမှာ ၁၉၉၄ ခုနှစ် ကမ္ဘာ့ စကိတ်ချန်ပီယံဆုကို ပူးတွဲရရှိခဲ့တဲ့ စကိတ်သမား စုံတွဲ အပါအဝင် (၆)ယောက်ရဲ့ အမည်တွေကို ဘော်စတွန် စကိတ်ကလပ်ကနေ ထုတ်ပြန်ထားပါတယ်။