ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဟာ ရေရှည်ဆောင်ရွက်ရမယ့်ကိစ္စဖြစ်တဲ့အတွက် စီမံခန့်ခွဲမှုကောင်းကောင်းနဲ့ စနစ်တကျ လုပ်ဆောင်ရမှာဖြစ်ပြီး အတင်းအဓမ္မဖိအားပေးစုဆောင်းတာမျိုးမဖြစ်စေဘဲ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ စနစ်တကျစုဆောင်းနိုင်ရေး အလေးထားဆောင်ရွက်သွားကြဖို့ နစကအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောပါတယ်။
ဇန်နဝါရီ၂၈ရက်မှာ ပြုလုပ်တဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဗဟိုအဖွဲ့ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီးမောင်မောင်အေးက အခုလိုပြောကြားလိုက်တာပါ။ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်တာနဲ့ပတ်သက်ပြီး ပြည်သူလူထုကြားမှာ သတင်းမှန် သတင်းမှားတွေ မြောက်မြားစွာဖြစ်ပေါ်နေပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့အဆင့်ဆင့်ရဲ့ အားနည်းချက်တွေကို မီဒီယာတွေသာမက ပုဂ္ဂလိကတစ်ဦးချင်းကပါ ထောက်ပြဝေဖန်ပြောဆိုမှုတွေရှိနေတယ်လို့လည်း ဆိုပါတယ်။

တာဝန်ရှိသူတွေအနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအပေါ် မမှန်မကန်ဆောင်ရွက်နေတာတွေကိုတွေ့ရှိရင် ထိရောက်စွာ အရေးယူသွားမယ်လို့လည်း ဗိုလ်ချုပ်ကြီးမောင်မောင်အေးက သတိပေးပြောကြားပါတယ်။ပြည်သူနဲ့တိုက်ရိုက်ထိတွေ့ဆက်ဆံရတဲ့ ရပ်/ကျေးအဖွဲ့တွေ၊ မြို့နယ်အဖွဲ့တွေအနေနဲ့ ပြည်သူနဲ့ဆက်ဆံရေးကောင်းမွန်ဖို့၊ ငွေကြေးဆိုင်ရာမသမာမှုတွေမရှိစေဖို့၊ သတ်မှတ်လုပ်ထုံးလုပ်နည်းတွေနဲ့အညီဆောင်ရွက်ဖို့အတွက် တာဝန်ရှိသူအဆင့်ဆင့်က စိစစ်ကြပ်မတ်ဖို့လိုတယ်လို့လည်း ဆိုပါတယ်။ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့အနေနဲ့ စာရင်းဇယားမှန်ကန်ဖို့နဲ့ ရေရှည်မှာ မှတ်တမ်းထည့်သွင်းမှုလွယ်ကူစေဖို့အတွက် ပြည်သူ့စစ်မှုထမ်းကိုယ်ရေးအချက်အလက်စီမံခန့်ခွဲမှုစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့ ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ရွှေဘိုမြို့မှာ ဧည့်စာရင်းမတိုင်တဲ့အသက်၂၄နှစ်အရွယ်အမျိုးသားတစ်ယောက်ကို စစ်မှုထမ်းရမယ်ဆိုပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ခေါ်ဆောင်ကာ စစ်မှုမထမ်းလိုရင် လူစားထိုးဖို့လဲလှယ်ဖို့အတွက် အဲ့ဒီအမျိုးသားရဲ့ မိသားစုဆီက ကျပ်သိန်း၁၃၀ကိုတောင်းပြီး ခွဲဝေယူခဲ့တဲ့ ရွှေဘိုမြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ထွေ/အုပ် အကြီးတန်းစာရေးနဲ့ အငယ်တန်းစာရေးတို့ကို ဖမ်းဆီးအရေးယူထားတယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ဇန်နဝါရီ၂၇ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။