ပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ထုတ်ကုန်အမယ်သစ်တွေကိုဖော်ထုတ်ပြီး ဈေးကွက်ရှာဖွေတင်ပို့နိုင်ရေး ဆောင်ရွက်ဖို့လိုတယ်လို့ နစကအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောပါတယ်။

ဇန်နဝါရီ၂၈ရက်ကပြုလုပ်တဲ့ အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီအစည်းအဝေးမှာ ကောင်စီကဥက္ကဋ္ဌလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီးမြထွန်းဦးက အခုလိုပြောကြားလိုက်တာပါ။နိုင်ငံရဲ့ကုန်သွယ်မှုပမာဏတိုးတက်ဖို့ ပို့ကုန်ကိုတိုးမြှင့်ဆောင်ရွက်ဖို့လိုသလို ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းတွေကို အထောက်အကူပြုစေတဲ့ သွင်းအားစုတွေတင်သွင်းပြီး ကုန်သွယ်မှုအားမျှခြေဖြစ်ဖို့လည်းလိုတယ်လို့ ဆိုပါတယ်။၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုပမာဏလျာထားချက်ကိုပြည့်မီအောင် ဆောင်ရွက်နိုင်ဖို့ နိုင်ငံတော်ကချမှတ်ထားတဲ့ မူဝါဒတွေနဲ့အညီ တွန်းအားပေးဆောင်ရွက်ဖို့ ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောပါတယ်။
အခု၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်အတွင်း ပို့ကုန်အမေရိကန်ဒေါ်လာ ၁၆ဒသမ၇ဘီလီယံတင်ပို့ဖို့နဲ့ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၆ဒသမ၃ဘီလီယံဖိုးတင်သွင်းဖို့ ရည်မှန်းထားပြီး ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာသန်း၄၀၀ရှိဖို့ ရည်မှန်းထားတယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးမူဝါဒစာတမ်းမှာ ဖော်ပြထားပါတယ်။