နယ်စပ်ဒေသတွေမှာဖြစ်ပေါ်နေတဲ့ အွန်လိုင်းအသုံးပြုလိမ်လည်မှုနဲ့ လောင်းကစားမှုတွေကို တားဆီးနှိမ်နင်းနိုင်ဖို့ မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုပုံစံနဲ့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးရာပြည့်က ပြောပါတယ်။ဇန်နဝါရီလ(၂၇)ရက်နေ့က နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှာပြုလုပ်တဲ့အစည်းအဝေးမှာ ဗိုလ်ချုပ်ကြီးရာပြည့်က အခုလိုပြောကြားလိုက်တာပါ။

အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးက အွန်လိုင်းScamsလုပ်ငန်းတွေဟာ ငွေကြေးလိမ်လည်တာတွေအပြင် လူကုန်ကူးမှု၊ လူမှောင်ခိုမှု၊ မူးယစ်ဆေးဝါးမှု၊ အဓမ္မလုပ်အားခိုင်းစေမှု၊ ငွေကြေးခဝါချမှုတွေနဲ့ ဆက်စပ်လုပ်ဆောင်လာမှုတွေကို ပြောကြားခဲ့ပါတယ်။ အခက်အခဲတွေကြုံတွေ့နေရတဲ့နိုင်ငံခြားသားတွေကိုကူညီရှာဖွေပြီး သက်ဆိုင်ရာနိုင်ငံတွေကို ပြည်နှင်လွဲပြောင်းနေတာတွေ လုပ်ဆောင်နေသလို အိမ်နီးချင်းနိုင်ငံအချို့ကိုတစ်ဆင့်ခံဖြတ်သန်းပြီး နယ်စပ်ဒေသကတစ်ဆင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာတဲ့ နိုင်ငံခြားတွေကိုလည်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုအခြေခံပြီး အရေးယူဆောင်ရွက်မှုမလုပ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့သူတွေအနေနဲ့ အခြေခံအဆောက်အအုံ၊ လျှပ်စစ်ဓာတ်အား၊ အခြေခံစားသောက်ကုန်တွေနဲ့ အင်တာနက်ဆက်သွယ်မှုတွေကို အိမ်နီးချင်းနိုင်ငံကရယူသုံးစွဲနေပြီး အခြေခံအဆောက်အအုံနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပြည်ပနိုင်ငံသားတွေက လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။ နယ်စပ်တွေမှာဖြစ်နေတဲ့ အွန်လိုင်းလောင်းကစားမှုတွေ၊ အွန်လိုင်းလိမ်လည်မှုတွေနဲ့ပတ်သက်လို့ ပြည်သူတစ်ယောက်က သူရဲ့အမြင်ကို အခုလိုပဲပြောပြပါတယ်။

မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေတဲ့“ဇင်ယော်” တရားဥပဒေစိုးမိုးရေး ပူးပေါင်းလှုပ်ရှားမှုဟာ သက်ဆိုင်ရာ နိုင်ငံအသီးသီးကနေ ဆက်သွယ်ရေး လိမ်လည်မှုကို အဓိကထားတဲ့ ရာဇဝတ်အမှုပေါင်း ၁၆၀ ကို စုံစမ်းဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲ့ဒီရာဇဝတ်မှုတွေမှာ ကျူးလွန်သူပေါင်း ၇ သောင်းကျော်ကို ဖမ်းဆီးခဲ့ကာ မြန်မာနိုင်ငံသား ၁၆၀ ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ နစကသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။