အိန္ဒိယနဲ့မြန်မာဟာ အခက်အခဲကြုံရင် အစဉ်အမြဲရပ်တည်ပေးတဲ့ အကောင်းဆုံးအိမ်နီးချင်းတွေဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာအက်ဘ်ဟေးသာကာက ပြောပါတယ်။ဇန်နဝါရီ(၂၇)ရက် ညနေပိုင်းက ရန်ကုန်မြို့၊ ဝင်ဒန်ဂရမ်းဟိုတယ်မှာကျင်းပတဲ့ (၇၆)နှစ်မြောက် အိန္ဒိယသမ္မတနိုင်ငံနေ့ အခမ်းနားမှာ အခုလိုပြောကြားလိုက်တာပါ။

အိန္ဒိယနဲ့ မြန်မာပြည်သူတွေက ရှေ:အစဉ်အဆက်ကတည်းက ယဉ်ကျေးမှုဆိုင်ရာ ဆက်နွယ်မှုတွေကတစ်ဆင့် စည်းလုံးညီညွတ်နေပြီး အပြန်အလှန်ယုံကြည်မှုနဲ့ အခက်အခဲတွေကြုံရင် တစ်ဦးအတွက် တစ်ဦး အစဉ်အမြဲရပ်တည်ပေးတဲ့ အကောင်းဆုံးအိမ်နီးချင်းတွေဖြစ်ကြတယ်လို့ သံအမတ်ကြီး က ပြောပါတယ်။၇၆ နှစ်မြောက် အိန္ဒိယသမ္မတနိုင်ငံနေ့ ဧည့်ခံပွဲအခမ်းနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနဲ့ဇနီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးတွေက သံအမတ်ကြီးတွေ၊ သံရုံးယာယီတာဝန်ခံတွေ၊ စစ်သံမှူးတွေ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်တွေနဲ့ တာဝန်ရှိသူတွေ၊ ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားကို မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နိုင်ငံတော်သီချင်းတွေနဲ့ ဖွင့်လှစ်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေတွေကို ဗွီဒီယို နဲ့ ပြသပါတယ်။အဲဒီနောက်မှာတော့ ဗိုလ်ချုပ်ကြီးတင်အောင်စန်းနဲ့ဇနီး၊ သံအမတ်ကြီးမစ္စတာအက်ဘ်ဟေးသာကာနဲ့ဇနီးတို့က ၇၆နှစ်မြောက် အိန္ဒိယသမ္မတနိုင်ငံနေ့ အထိမ်းအမှတ်ကိတ်မုန့်ကို အမှတ်တရခွဲခဲ့ကြပြီး ရန်ကုန်မြို့ရှိ အိန္ဒိယ ယဉ်ကျေးမှုအဖွဲ့တွေက အိန္ဒိယ ရိုးရာယဉ်ကျေးမှုအကနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။