Chat GPT ကို ကျော်ပြီး တရုတ်ကုမ္ပဏီတစ်ခုကထုတ်လုပ်လိုက်တဲ့ DeepSeek ကို အသုံးပြုသူများပြားလာကြောင်း Reuters သတင်းမှာဖော်ပြထားပါတယ်။တန်ဖိုးနည်း တရုတ် ဉာဏ်ရည်တု မော်ဒယ် ပေါ်ပေါက်လာခြင်းဟာ Nvidia လို လက်ရှိ AI နည်းပညာကုမ္ပဏီတွေကို ခြိမ်းခြောက်လာမှာကို ရင်းနှီးမြှုပ်နှံသူတွေက စိုးရိမ်နေကြပါတယ်။

လူသိနည်းပါးတဲ့ တရုတ်ကုမ္ပဏီတစ်ခုကထုတ်လုပ်လိုက်တဲ့ DeepSeek အမည်ရ AI Assistant ဟာ ဇန်နဝါရီ ၂၇ ရက်က Chat GPT ကို ကျော်တက်ပြီး အမေရိကန်ပြည်တွင်း Apple AppStore မှာ လူသုံးအများဆုံး အခမဲ့ အက်ပလီကေးရှင်းတခု ဖြစ်လာခဲ့ပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့တုန်းက DeepSeek-V3 မော်ဒယ်သုံး AI အက်ပလီကေးရှင်းကို စတင်မိတ်ဆက်ပြီးနောက် မှာ အခုလိုမျိုး ရေပန်းစားလာခဲ့တာဖြစ်ပါတယ်။

DeepSeek-V3 ဟာ Nvidia ရဲ့ H-800 ချစ်ပ်တွေကို အသုံးပြုခဲ့ပြီး အမေရိကန်ဒေါ်လာ ၆ သန်းအောက်သာ ကုန်ကျခဲ့တယ်လို့သိရပါတယ်။ DeeSeek AI ကို စတင်တည်ထောင်ခဲ့သူကတော့ အသက် (၃၉)နှစ်သာရှိသေးတဲ့တရုတ်လူမျိုး တစ်ဦး ဖြစ်ပါတယ်။DeepSeek ထွက်ပေါ်လာတာဟာ အံ့သြဖွယ်အကောင်းဆုံးနဲ့ အထင်ကြီးလောက်စရာ အကောင်းဆုံး အောင်မြင်မှုတွေထဲက တစ်ခုဖြစ်ပြီး open source အဖြစ်၊ ကမ္ဘာကြီးအတွက် လေးနက်သောလက်ဆောင်တစ်ခုဖြစ်ကြောင်း လေ့လာသူတွေကခန့်မှန်းသုံးသပ်ထားပါတယ်။