နိုင်ငံတကာ အကူအညီတွေ လျှော့ချမှု နဲ့ အမေရိကန်ရဲ့ ရန်ပုံငွေ ပံ့ပိုးမှု ရပ်ဆိုင်းဖို့ရှိနေတဲ့နောက် အာဖဂန်ပြည်သူ သန်းပေါင်းများစွာကို စားနပ်ရိက္ခာ တစ်ဝက်ပဲ ထောက်ပံ့ကျွေးနွေးနိုင်တော့တယ်လို့ အာဖဂန်နစ္စတန်ဆိုင်ရာ WFP ရဲ့ အကြီးအကဲ က ပြောပါတယ်။ လက်ရှိမှာ တော့ လူအများအပြားဟာ ပေါင်မုန့် နဲ့ လက်ဖက်ရည်ကိုပဲ စားသုံးပြီး အသက်ရှင်နေရကြောင်း WFP Country Director ရှောင်ဝေလီ က ရိုက်တာကို တနင်္လာနေ့မှာ ပြောပါတယ်။

အာဖဂန်နစ္စတန်ကို တာလီဘန်တွေ ၂၀၂၁ ခုနှစ်မှာ ပြန်လည် စိုးမိုးခဲ့တဲ့နောက် စီးပွားရေးအကျပ်အတည်းတစ်ရပ်နဲ့ ရင်ဆိုင်နေရပြီး နိုင်ငံကို ပေးအပ်နေတဲ့ ဖွံဖြိုးရေး နဲ့ လုံခြုံရေး အထောက်အပံ့တွေဟာလည်း ရပ်ဆိုင်းခံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းကစပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကို NGO တွေကနေတစ်ဆင့် နိုင်ငံတကာ အလူရှင်တွေက ပေးအပ်ခဲ့ပေမဲ့ NGO တွေမှာ အာဖဂန်အမျိုးသမီးတွေ အလုပ်လုပ်ခွင့် တားမြစ်တာ အပါအဝင် အမျိုးသမီးအခွင့်အရေးတွေအပေါ် တာလီဘန်တွေရဲ့ ကန့်သတ်ပိတ်ပင်မှုတွေကြောင့် အဲဒီအကူအညီတွေကို ဖြည်းဖြည်းချင်း လျှော့ချလာခဲ့ပါတယ်။

ဒီအတွက် အခုနှစ်ရဲ့ ဆောင်းရာသီမှာ စားစရာ အလွန်အမင်းလိုအပ်နေတဲ့ အာဖဂန်ပြည်သူ (၆)သန်းလောက်ဟာ စားနပ်ရိက္ခာ ခွဲတမ်းတွေကို ရရှိတော့မှာ မဟုတ်ဘူးလို့ လီ က ပြောပါတယ်။ အဲဒီလူတွေဟာ ပေါင်မုန့် နဲ့ လက်ဖက်ရည်ကို တစ်နေ့မှာ တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်ခန့်သာ စားသုံးကြရတော့မှာလို့ ပြောပါတယ်။ အာဖဂန်ရဲ့ လူသားချင်းစာနာထောက်ထားမှု အစီအစဉ်ဟာ ၂၀၂၄ ခုနှစ်ထဲမှာ လိုအပ်ချက်ရဲ့ တစ်ဝက်ပဲ ရန်ပုံငွေရရှိခဲ့တာပါ။ အဲဒီအခြေအနေဟာ အခုနှစ်ထဲမှာ ပိုပြီး ဆိုးရွားလာမှာကို စိုးရိမ်နေရကြောင်း အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။