ဘရာဇီးတိုက်စစ်မှူး နေမာဟာ ငယ်ဘဝကလပ် ဆန်းတို့စ်အသင်းဆီကို ပြန်ရောက်ဖို့ နီးစပ်နေပြီလို့ သတင်းတွေ က ဖော်ပြခဲ့ကြပါတယ်။ ဆော်ဒီကလပ် အယ်ဟီလယ်အသင်းနဲ့ စာချုပ်က လာမယ့်ဇွန်လမှာ ကုန်ဆုံးမှာဖြစ်သလို လက်ရှိမှာလည်း နေမာကို ဆော်ဒီပရိုလိဂ် ဒုတိယရာသီဝက်အတွက် ကစားသမားစာရင်းမှာ ထည့်သွင်း မထားတာ ကြောင့် နေမာအနေနဲ့ စာချုပ်ပြည့်ချိန်မှာ အသင်းကနေ ထွက်ခွာဖို့ သေချာသလောက် ရှိနေပါတယ်။

ဒါ့ကြောင့် လည်း နေမာရဲ့ အနာဂတ်နဲ့ပတ်သက်လို့ သတင်းတွေ အမျိုးမျိုးထွက်ပေါ်နေပြီး အခုနောက်ဆုံးသိရတဲ့ သတင်း တွေအရတော့ ပရိုကစားသမားဘဝစတင်ရာ ဘရာဇီးကလပ် ဆန်းတို့စ်အသင်းကို ပြန်ရောက်ဖွယ် ရှိနေပါတယ်။ သတင်းရင်းမြစ်တွေအရတော့ နေမာဟာ အယ်ဟီလယ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းဖို့ ဆွေးနွေးတာတွေ ပြုလုပ်နေ သလို တစ်ဖက်မှာလည်း ဆန်းတို့စ်အသင်းနဲ့ဆွေးနွေးနေတာက သဘောတူညီမှုရဖို့ နီးစပ်နေပြီလို့ ဆိုပါတယ်။

နေမာနဲ့ ဆန်းတို့စ်အသင်းတို့ ၆ လစာချုပ် ချုပ်ဆိုမှာဖြစ်ပြီး အဆင်ပြေခဲ့မယ်ဆိုရင် ၁ နှစ်စာချုပ် ထပ်ချုပ်ဖို့ကိုပါ စာချုပ်ထဲ ထည့်သွင်းသွားမယ်လို့ သိရပါတယ်။ ဆန်းတို့စ်နဲ့ စာချုပ်ကိစ္စ အပြီးသတ်နိုင်ခဲ့မယ်ဆိုရင် နေမာဟာ အခုတစ်ပတ်ထဲ ဘရာဇီးကို ထွက်ခွာမှာဖြစ်ပြီး အစောဆုံး ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ဆန်းတို့စ်အသင်းအတွက် ပထမဆုံး ကစားပေးနိုင်မှာ ဖြစ်ပါတယ်။