အခုသီတင်းပတ်အတွင်း အစ္စရေးဓားစာခံခြောက်ယောက် လွှတ်ပေးမှာဖြစ်ကြောင်း ဟားမာ့စ်စစ်သွေးကြွအဖွဲ့က ပြောကြားထားတာကို ဇန်နဝါရီလ ၂၇ ရက်နေ့က Reuters သတင်းမှာ ဖော်ပြထားပါတယ်။ အစ္စရေးနဲ့ ဟားမာ့စ် တို့အကြား ထားရှိထားတဲ့ အပစ်အခတ်ရပ်စဲရေး ပထမအဆင့် သဘောတူညီမှုအရ ဖမ်းဆီးခံဓားစာခံတွေကို ပြန်လွှတ်ပေးရမှာ ဖြစ်ပါတယ်။

ဓားစာခံတွေ ဘေးကင်းစွာ ဂါဇာကမ်းမြောင်ဒေသကို ပြန်လည်ရောက်ရှိနေရေး အတွက် ဟားမာ့်စ်တွေက တာဝန်ယူ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင်အသက်ဝင်ကတည်းက အစ္စရေးဓားစာခံ ၇ ယောက်နဲ့ အကျဉ်းသား ၃၀၀ နီးပါး လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။

သဘောတူညီချက် ပထမအဆင့်အရ ၄၂ ရက်အတွင်း ဟားမာ့စ်ဘက်က အစ္စရေးဓားစာခံ ၃၃ ယောက်ကို ပြန်လွှတ်ပေးရမှာ ဖြစ်သလို အစ္စရေးဘက်ကလည်း အစ္စရေးအကျဉ်းထောင်တွေမှာ ဖမ်းဆီးထားတဲ့ ပါလက်စတိုင်း ၁၉၀၀ လောက်ကို ပြန်လွှတ်ပေးရမှာ ဖြစ်ပါတယ်။ အဆင့် ၃ ဆင့်ပါ အပစ်ရပ်သဘောတူညီမှု စတင်အသက်ဝင်တဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း အစ္စရေး ဓားစာခံ ၃ ယောက်နဲ့ ပါလက်စတိုင်းအကျဉ်းသား ၉၀ ပြန်လွတ်လာခဲ့ပါတယ်။