၂၀၂၅ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားကို ဇန်နဝါရီ၂၅ရက် ညနေပိုင်းက ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားရုံမှာ ကျင်းပပါတယ်။အခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တွေ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးမစ္စမာကျား၊ ပြည်ထောင်စုဝန်ကြီးတွေ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကတာဝန်ရှိသူတွေ၊ အထူးဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေ တက်ရောက်ပါတယ်။

ရှေးဦးစွာ အခမ်းအနားကိုတက်ရောက်လာကြတဲ့ ဧည့်သည်တော်တွက အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စမာကျားတို့က ဖန်ဘောလုံးနှိပ်ပြီး တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားကို ဖွင့်လှစ်ပေးပါတယ်။အဲဒီနောက်မှာ ရှောင်လင်ကိုယ်တော်အဖွဲ့မှ ကိုယ်တော်တစ်ပါးက နှစ်သစ်ကူးဆုတောင်းစကားပြောကြားပြီး ရှောင်လင်ကိုယ်တော်အဖွဲ့က ရှောင်လင်ကွန်ဖူးသရုပ်ပြပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဇနီးတို့က ရှောင်လင်ကိုယ်တော်အဖွဲ့ကို အမှတ်တရဗုဒ္ဓရုပ်ပွားတော်နဲ့ သစ်သီးခြင်း ဆက်ကပ်ပါတယ်။ဆက်လက်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ဇနီး၊ သံအမတ်ကြီး မစ္စမာကျားတို့က အကအဖွဲ့တွေကို နှစ်သစ်ကူးလက်ဆောင်တွေပေးအပ်ပြီး တရုတ်နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ်ပြခန်းတွေကို လှည့်လည်ကြည့်ရှုပါတယ်။အခမ်းအနားအစီအစဉ်ဒုတိယပိုင်းအနေနဲ့ တရုတ်နှစ်သစ်ကူးပွဲတော် ညစာစားပွဲအခမ်းအနားကို ကျင်းပရာမှာ ရှေးဦးစွာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ဇနီး၊ သံအမတ်ကြီးမစ္စမာကျားတို့က တရုတ်ရိုးရာခြင်္သေ့အရုပ်ကို မျက်လုံးဆေးခြယ်အသက်သွင်းပြီး တရုတ်ရိုးရာခြင်္သေ့အဖွဲ့ကို နှစ်သစ်ကူးလက်ဆောင်ပေးအပ်ပါတယ်။

ဆက်လက်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်နှစ်သစ်ကူးဆုမွန်တောင်းစကားပြောကြားပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သံအမတ်ကြီးမစ္စမာကျားတို့က နှစ်သစ်ကူးအမှတ်တရလက်ဆောင် အပြန်အလှန်ပေးအပ်ကြပါတယ်။အဲဒီနောက်မှာ သံအမတ်ကြီးမစ္စမာကျားက တရုတ်နှစ်သစ်ကူး ဆုမွန်တောင်းစကားပြောကြားပြီး တရုတ်နိုင်ငံ တယ်ဟုန်ပြည်နယ်ခွဲ ယဉ်ကျေးမှုအဖွဲ့အပါအဝင် တရုတ်ရိုးရာအကအဖွဲ့တွေ၊ မြန်မာ့ရိုးရာအကအဖွဲ့တွေ၊ အနုပညာရှင်တွေက ရိုးရာအကတွေ၊ တေးသီချင်းတွေနဲ့ ကပြသီဆိုဖျော်ဖြေကြပါတယ်။

ဒါ့အပြင် အခမ်းအနားမှာ ရှောင်လင်ကိုယ်တော်အဖွဲ့ကလည်း Shaolin Shaolinအမည်နဲ့ သိုင်းသရုပ်ပြခဲ့သလို Shi Ba Bang Bi Qi အမည်နဲ့ ရှောင်လင်သိုင်း၁၈မျိုးကို သရုပ်ပြခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ဇနီး၊ သံအမတ်ကြီးမစ္စမာကျားတို့က ယဉ်ကျေးမှုအကအဖွဲ့တွေကို အမှတ်တရပန်းခြင်းတွေ ပေးအပ်ပြီး တရုတ်မြန်မာချစ်ကြည်ရေးသီချင်းဖြစ်တဲ့ ပန်းတိုင်းပွင့်စေသီချင်းကို စုပေါင်းသီဆိုကြပါတယ်။