မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ စီမံကိန်းတွေ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်မယ့် အခင်းအကျင်းကို ဖော်ဆောင်ပြီး တရုတ်နိုင်ငံရဲ့ ယုံကြည်စိတ်ချရတဲ့ အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံအဖြစ် ဆက်လက်ရပ်တည်သွားမယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

ဇန်နဝါရီ၂၅ရက်က ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားရုံမှာ ကျင်းပတဲ့ ၂၀၂၅ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားမှာ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားရာမှာ အခုလို ထည့်သွင်းပြောကြားတာပါ။မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေတဲ့လုပ်ငန်းတွေမှာ တရုတ်နိုင်ငံအနေနဲ့ ဆက်လက်ကူညီဆောင်ရွက်ပေးဖို့ကိုလည်းပန်ကြားလိုတယ်လို့ ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။

မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးတဲ့ဆက်ဆံရေးကို မလိုလားကြတဲ့ ပြည်တွင်းပြည်ပက အဖွဲ့တွေက နည်းလမ်းမျိုးစုံအသုံးပြုပြီး သွေးခွဲနေတာကြောင့် နှစ်နိုင်ငံတာဝန်ရှိသူတွေနဲ့ နိုင်ငံသူနိုင်ငံသားအားလုံး အထူးဂရုစိုက်ဖို့လိုတယ်လို့လည်း ဆိုပါတယ်။မြန်မာပြည်သူတွေ၊ မြန်မာနိုင်ငံအတွင်းမှာရှိကြတဲ့ တရုတ်-မြန်မာ အသင်းအဖွဲ့တွေ၊ တရုတ်နွယ်ဖွား မြန်မာနိုင်ငံသားတွေ၊ မြန်မာနိုင်ငံအတွင်းမှာ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့ တရုတ်-မြန်မာ နှစ်နိုင်ငံကို ခိုင်မာတဲ့ထာဝရအိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနိုင်ငံတွေအဖြစ် ဆက်လက်ရပ်တည်နိုင်အောင် ကြိုးပမ်းသွားကြဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားပါတယ်။