အခုရာသီ ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းတွေရနေတဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းဟာ နယူးဇီလန် တိုက်စစ်မှူး ခရစ်ဝုဒ်ကို ၂၀၂၇ အထိ သက်တမ်းရှိတဲ့ ၂ နှစ်စာချုပ်သစ် ချုပ်ဆိုလိုက်ပါတယ်။

အခုရာသီ အသင်း တိုက်စစ်မှာ ခြေစွမ်းပြနေတဲ့ ခရစ်ဝုဒ်ဟာ ပရီးမီးယားလိဂ် ၂၂ ပွဲမှာ အသင်းအတွက် ၁၄ ဂိုးအထိ သွင်းယူပေးထား ပါတယ်။ အသက် ၃၃ နှစ်အရွယ် ဝုဒ်ဟာ ၂၀၂၃ ဇန်နဝါရီမှာ နယူးကာဆယ်အသင်းကနေ နော်တင်ဟမ်အသင်းကို ရောက်လာခဲ့တာဖြစ်ပြီး အခုရာသီအကုန်မှာ စာချုပ်ပြည့်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုရာသီမှာ ကစားသမားဘဝ အကောင်းဆုံးပုံစံကို ပြသနေခဲ့တာကြောင့် အခုလိုမျိုး ၂ နှစ်စာချုပ်သစ်ကို ချုပ်ဆိုလိုက်တာ ဖြစ်ပါတယ်။

စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့လို့ စိတ်လှုပ်ရှားပျော်ရွှင်ရသလို အသင်းနဲ့အတူ အောင်မြင်မှုတွေရဖို့ကိုလည်း မျှော်လင့် ထားပါတယ်လို့ စာချုပ်သစ်ချုပ်ဆိုအပြီးမှာ ခရစ်ဝုဒ်က ပြောသွားခဲ့ပါတယ်။ နော်တင်ဟမ်အသင်းဟာ အခုလ အတွင်းမှာ အသင်းရဲ့ အဓိကကစားသမားတွေကို စာချုပ်သစ်ချုပ်ဆိုတာတွေ ပြုလုပ်နေပြီး ခရစ်ဝုဒ်မတိုင်ခင် နောက်ခံလူ မူရီလိုကိုလည်း ၄ နှစ်ခွဲသက်တမ်းရှိတဲ့ စာချုပ်သစ်ကို ချုပ်ဆိုထားပါတယ်။ ခရစ်ဝုဒ်ရဲ့ အခုရာသီ ခြေစွမ်းက တော်တော်လေးကို ကောင်းမွန်နေပါတယ်လို့ နော်တင်ဟမ်အသင်းပိုင်ရှင် မာရီနာကစ်က ချီးကျူးထား ပါတယ်။