ဒူးဒဏ်ရာကြောင့် တိုက်စစ်မှူး ဆိုလန်ကီ သီတင်းပတ် ၆ ပတ်လောက် အနားယူရမှာဖြစ်တယ်လို့ စပါးအသင်း နည်းပြ အန်ဂျီက အတည်ပြုသွားခဲ့ပါတယ်။ မတ်လအစောပိုင်းလောက်အထိ ဆိုလန်ကီ နားရမှာဖြစ်ပြီး ဆိုလန်ကီ အနေနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အချို့အပြင် လီဗာပူးအသင်းနဲ့ ကစားမယ့် လိဂ်ဖလားဆီမီးဖိုင်နယ် ဒုတိယအကျော့ ကိုပါ လွဲချော်ရတော့မှာ ဖြစ်ပါတယ်။

ဆိုလန်ကီရဲ့ ဒူးဒဏ်ရာကို ခွဲစိတ်ကုသဖို့ မလိုအပ်တာက ကံကောင်းမှုတစ်ခု ဖြစ်ခဲ့တယ်လို့လည်း နည်းပြအန်ဂျီက ပြောခဲ့ပါတယ်။ စပါးတိုက်စစ်မှာ ဆိုလန်ကီအပြင် တီမိုဝါနာနဲ့ ဂျွန်ဆင်တို့ လည်း ဒဏ်ရာရ နေတာဖြစ်လို့ လာမယ့်ပွဲစဉ်တွေမှာ စပါးတိုက်စစ်က အားနည်းသွားဖွယ် ရှိနေပါတယ်။ စပါးအသင်းရဲ့ ဒဏ်ရာရ ကစားသမားစာရင်းက ပိုများလာခဲ့ပြီး ကြာသပတေးနေ့ ညက ဟော့ဖန်ဟိမ်းအသင်းကို အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာလည်း ဆိုလန်ကီ အပါအဝင် အသင်းရဲ့ စီနီယာကစားသမား ၁၄ ယောက် လွဲချော်ခဲ့ ရပါတယ်။

ဒါ့ကြောင့်လည်း စပါးအသင်းဟာ ဟော့ဖန်ဟိမ်းနဲ့ပွဲအတွက် အသင်းရဲ့ အရန်စာရင်းမှာ လူငယ် ကစားသမား ၅ ယောက်အထိ ထည့်သွင်းခဲ့ရပါတယ်။ ဒဏ်ရာပြဿနာတွေ ရှိနေချိန်မှာ အသင်းအတွက် ကြိုးစားကစားပေးခဲ့ ကြတဲ့ ကစားသမားတွေရဲ့ အားထုတ်မှုအတွက် ကျေနပ်တယ်လို့ နည်းပြ အန်ဂျီက ဟော့ဖန်ဟိမ်းအသင်းနဲ့ ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။