အသင်းကနေ တောင်ပံတိုက်စစ်မှူး ဂါနာချို ထွက်ခွာသွားနိုင်မလားဆိုတဲ့ မေးခွန်းတွေကို မန်ယူနည်းပြ အမ်မိုရင် က အတိအကျ မပြောခဲ့ဘဲ အပြောင်းအရွှေ့ပိတ်တဲ့အချိန်အထိ စောင့်ကြည့်ရမယ်လို့ ပြောသွားခဲ့ပါတယ်။

အသက် ၂၀ အရွယ် ဂါနာချိုကို အခုအပြောင်းအရွှေ့မှာ နာပိုလီနဲ့ ချဲလ်ဆီးအသင်းတို့က စိတ်ဝင်စားနေတာဖြစ်ပြီး မန်ယူ အနေနဲ့ ဂါနာချိုအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ လောက်အထိ ရဖွယ်ရှိနေပါတယ်။ ရိန်းဂျားစ်ကို အနိုင် ရတဲ့ ယူရိုပါလိဂ်ပွဲစဉ်အပြီးမှာ ဂါနာချိုက အခုချိန်ထိ မန်ယူကစားသမားအဖြစ် ရှိနေဆဲဖြစ်သလို အသင်းအတွက် လည်း အရေးပါတဲ့ ကစားသမားဖြစ်လို့ လာမယ့်ရက်ပိုင်း အခြေအနေတွေကို စောင့်ကြည့်ရမှာဖြစ်တယ်လို့ နည်းပြ အမ်မိုရင်က ပြောသွားခဲ့တာပါ။

ဂါနာချိုဟာ ရိန်းဂျားစ်အသင်းနဲ့ပွဲမှာ မန်ယူအသင်းရဲ့ ပွဲထွက်စာရင်းမှာ ပါဝင်ခဲ့ သလို မိနစ် ၉၀ အပြည့် ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းအနေနဲ့ အသင်းအကယ်ဒမီထွက် ကစားသမားဖြစ်တဲ့ ဂါနာချိုကို ရောင်းချလိုစိတ်မရှိပေမဲ့ အသင်းရဲ့ဘဏ္ဍာရေးအခြေအနေအရ ရောင်းချဖို့ကို စဉ်းစားရဖွယ် ရှိနေပါတယ်။ မန်ယူအသင်းဟာ အခုဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းရဲ့ ကစားသမားအချို့ကို ရောင်းချတာ ဒါမှမဟုတ် အငှားချတာမျိုးတွေပြုလုပ်ဖို့ စီစဉ်နေပြီး ဒီကစားသမားတွေထဲမှာ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်၊ တောင်ပံ တိုက်စစ်မှူး အန်တိုနီတို့လည်း ပါဝင်နေတာဖြစ်ပါတယ်။