အုတ်၊သဲ၊ကျောက်၊ဘိလပ်မြေ အပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေရဲ့ ဈေးနှုန်းတွေဟာ လတ်တလော အမြင့်ပိုင်းမှာ ဆက်ရှိနေတယ်လို့ အိမ်ဆောက်ပစ္စည်းဈေးကွက်ကနေ သိပါတယ်။အရင်နှစ်ကဆိုရင် သဲကြမ်းတစ်ကျင်းကို ကျပ် ၁ သောင်းခွဲဝန်းကျင်၊ ကျောက်တစ်ကျင်းကို ၁ သိန်း ဝန်းကျင် ၊ အုတ်တစ်လုံးကို ကျပ် ၁၅၀ ဝန်းကျင်နဲ့ ဘိလပ်မြေတစ်အိတ်ကို ကျပ် ၁ သောင်းကျော်သာ ရှိခဲ့တာပါ။
လက်ရှိမှာတော့ သဲကြမ်းတစ်ကျင်းကို ကျပ် ၂ သောင်းခွဲ ဝန်းကျင်၊ ကျောက်တစ်ကျင်းကို ၁ သိန်း ၁ သောင်း ဝန်း ကျင်၊ ရိုးရိုးအုတ်အချောတစ်လုံးကို ကျပ် ၂၈၀ ၊ စက်အုတ်တစ်လုံးကို ကျပ် ၃၀၀ ၊ မြေကြီးတစ်ကျင်းကို ကျပ် ၃ သောင်း၊ ဒါးဗစ်ကျိုးတစ်ကျင်းကို ကျပ် ၅ သောင်း ၊ တိုက်ဖျက်အုတ်ကျိုးတစ်ကျင်းကို ကျပ် ၆ သောင်းနဲ့ ဘိလပ် မြေတစ်အိတ်ကို ကျပ် ၂ သောင်းကျော်အထိ ပေါက်ဈေးရှိလာတာ ဖြစ်ပါတယ်။လက်ရှိဈေးကွက်ထဲမှာ ဘိလပ်မြေဈေးတွေ မြင့်တက်နေသလို ပစ္စည်းတွေကလည်း ဝယ်မရဘဲဖြစ်နေတာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတချို့မှာ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးမျိုးမြင့်က ပြောပါတယ်။
ဒါ့အပြင် ပြည်ပကတင်သွင်းနေရတဲ့ သံချောင်းနဲ့ တခြားအိမ်ဆောက်ပစ္စည်းဈေးနှုန်းတွေလည်း အမြင့်ပိုင်းမှာပဲ ဆက်ရှိနေတယ်လို့ ဆိုပါတယ်။ သယ်ယူပို့ဆောင်စရိတ်၊ လုပ်အားခတိုးမြှင့်ပေးရတဲ့အခြေအနေ၊ ကုန်ကြမ်းပစ္စည်း ဈေးနှုန်း မြင့်တက်မှု၊ ငွေလဲနှုန်းအခြေအနေနဲ့ သွင်းကုန်လိုင်စင်အခက်အခဲတချို့အပါအဝင် အကြောင်းအမျိုးမျိုး ကြောင့် အခုလို ဈေးနှုန်းတွေ မြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေရဲ့ ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် အဆောက်အဦ ဆောက်လုပ် စရိတ်ကလည်း အရင်ကထက် ၃ ဆလောက် မြင့်တက်လာတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေ ဆီကနေ သိရပါတယ်။