တိရစ္ဆာန်မွေးမြူရေးခြံတွေမှာ ကူးစက်ရောဂါဖြစ်ပွားပြီး ဖျက်ဆီးခံရလို့ ပေါ်ပေါက်လာတဲ့ ဆုံးရှုံးမှုတွေအတွက် အာမခံထားနိုင်တော့မယ်လို့ တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေ ပြဋ္ဌာန်းချက်အရ သိရပါတယ်။ တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကို ဇန်နဝါရီ ၁၅ ရက် ရက်စွဲနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြဋ္ဌာန်းလိုက်တာဖြစ်ပါတယ်။
မူလဥပဒေရဲ့ ပုဒ်မ ၂၂ မှာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဟာ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်တဲ့ပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်းက မွေးမြူထားတဲ့ တိရစ္ဆာန်တွေ ကူးစက်ရောဂါဖြစ်ပွားပြီး ဖျက်ဆီးခံရတာကြောင့် ပေါ်ပေါက်လာတဲ့ ဆုံးရှုံးမှုတွေအတွက် နစ်နာကြေး၊ လျော်ကြေး ဒါမှမဟုတ် အကူအညီရရှိအောင် သက်ဆိုင်ရာကို လျှောက်ထားရာ မှာ သဘောထားမှတ်ချက်ပေးနိုင်တယ်လို့ ပြဋ္ဌာန်းခဲ့ပေမယ့် အခုပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေထဲမှာ နစ်နာကြေး၊ လျော်ကြေးအပြင် အာမခံကြေးပါ ထည့်သွင်းပြဋ္ဌာန်းလိုက်တာ ဖြစ်ပါတယ်။
တိရစ္ဆာန်စုဆောင်းမွေးမြူခြင်းလုပ်ငန်း သို့မဟုတ် တိရစ္ဆာန်ထိန်းသိမ်းစောင့်ကြည့်စစ်ဆေးရေးစခန်း ဖွင့်လှစ် ဆောင်ရွက်တဲ့လုပ်ငန်းလုပ်ကိုင်လိုတဲ့ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းဟာ လုပ်ကိုင်ခွင့်အတွက် ခွင့်ပြုလက်မှတ် ရရှိဖို့ သတ်မှတ်ချက်တွေနဲ့အညီ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနရဲ့ မြို့နယ်ဦးစီးမှူးထံမှာ လျှောက်ထားရမယ်လို့ လည်း ဖြည့်စွက်ပြဋ္ဌာန်းထားပါတယ်။
ဒါ့အပြင် တိရစ္ဆာန်၊ မွေးမြူရေးခြံလုပ်ငန်း၊ မျိုးခြံ လုပ်ငန်း၊ ဥဖောက်စက်လုပ်ငန်း၊ ပျားမွေးမြူရေးလုပ်ငန်းတွေ သို့မဟုတ် တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ မျိုးရိုးဗီဇပြုပြင်ထားတဲ့ဇီဝပစ္စည်း၊ တိရစ္ဆာန်အစာ၊ တိရစ္ဆာန်သုံး ဆေးဝါး၊ တိရစ္ဆာန်သုံးပစ္စည်းတွေနဲ့ စပ်လျဉ်းပြီး ပြည်တွင်းမှာထုတ်လုပ်တာ၊ ပြုပြင်ထုတ်လုပ်တာ သို့မဟုတ် ရောင်းချတဲ့လုပ်ငန်း၊ သားသတ်ရုံလုပ်ငန်း သို့မဟုတ် သားသတ်တဲ့လုပ်ငန်းကို လုပ်ကိုင်လိုတဲ့ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းဟာ သက်ဆိုင်ရာပစ္စည်းအမျိုးအစားနဲ့ လုပ်ငန်းအမျိုးအစားအလိုက် မှတ်ပုံတင်ခွင့်ရရှိဖို့ သတ်မှတ် ချက်တွေနဲ့အညီ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရဲ့ မြို့နယ်ဦးစီးမှူးထံမှာ လျှောက်ထားရမယ်လို့ ဖြည့်စွက် ပြဋ္ဌာန်းထားပါတယ်။