ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာရှိတဲ့ ဆင်ဖြူရှင်အုတ်ကျောင်းအပါအဝင် ပရဝုဏ် အတွင်းက ရှေးဟောင်း အဆောက်အအုံတွေကို ပြန်လည်ပြုပြင်တာတွေ လုပ်နေပြီဖြစ်တယ်လို့ ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)ကနေ သိရပါတယ်။
အဲဒီပရဝုဏ်အတွင်းမှာဆိုရင် ပုဂံခေတ်ကနေပင်းယခေတ်အထိ ဆရာတော်ကြီးတွေ သီတင်သုံးနေထိုင်ခဲ့တဲ့ အုတ်ကျောင်း၊ ရဟန်းသံဃာတော်တွေအသုံးပြုခဲ့တဲ့ သိမ်နဲ့ရေကန်တွေအပါအဝင် အဆောက်အအုံပေါင်း လေးဆယ်ကျော် ရှိတာဖြစ်တယ်လို့ ဆိုပါတယ်။ပြုပြင်ထိန်းသိမ်းမှုတွေအနေနဲ့ ပျက်စီးတာတွေကို ပြန်လည်ပြုပြင်တာတွေကို ရှေးမူမပျက် ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ရှေးဟောင်းသုတေသနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) ပြုပြင်ထိန်းသိမ်းရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအေးလွင်က ပြောပါတယ်။
ဆင်ဖြူရှင်အုတ်ကျောင်းပရဝုဏ်အတွင်းကို ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် သတ်မှတ်ထားတာဖြစ်ပြီး ပြီးခဲ့ တဲ့၂၀၁၅ ခုနှစ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ၂၀၂၄ ခုနှစ် ဩဂုတ် လမှာ (ASEAN smoke free Award)တတိယဆုကို နိုင်ငံကိုယ်စားပြုရရှိခဲ့တာလည်း ဖြစ်ပါတယ်။ရှေ့ဆက်ပြီးလည်း ပုဂံဒေသမှာရှိတဲ့ ရွှေမုဋ္ဌော၊ဖောင်တော်ဦးနဲ့ရတနာမြင့်ဉ္ဇူဘုရားတွေရဲ့အာရုံခံတန်ဆောင်းတွေ ပျက်စီးယိုယွင်းမှုတွေကိုလည်း ပြန်လည်ပြုပြင်တာတွေ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။