နိုင်ငံဖြတ်ကျော်ရာဇဝတ်မှု၊ လိမ်လည်မှုနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ကရင်နယ်ခြားစောင့်တပ်ဖွဲ့(BGF)၊ DKBA အဖွဲ့ ခေါင်းဆောင်တွေနဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေဟာ ဇန်နဝါရီ ၁၅ ရက်က မြဝတီမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ ထိုင်းတပ်မတော် Rajamanu Task Force ထုတ်ပြန်ချက်အပေါ် ကိုးကားပြီး ထိုင်းသတင်းဌာန Khaosod ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဆွေးနွေးပွဲမှာတော့ လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ မလုပ်ဖို့၊ အသက်မပြည့်သေးတဲ့သူတွေ ကို အဓမ္မခိုင်းစေတာတွေ မလုပ်ဖို့နဲ့ ငွေကြေးလိမ်လည်တဲ့ ဂိုဏ်းတွေကို ခွင့်မပြုဖို့ သဘောတူခဲ့ကြတယ်လို့ ဆိုပါ တယ်။ အဲဒီအပြင် မြဝတီမြို့မှာ လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေအားလုံး လူကုန်ကူးမှု၊ လိမ်လည်တဲ့အဖွဲ့တွေနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေကို အနီးကပ်စောင့်ကြည့်ပြီး အစီရင်ခံဖို့ တင်းကျပ်တဲ့ လမ်းညွှန်ချက်တွေကို ချမှတ်ခဲ့ တယ်လို့လည်း Khaosod သတင်းမှာ ဖော်ပြထားပါတယ်။
တွေ့ဆုံဆွေးနွေးပွဲကိုတော့ DKBA အဖွဲ့က ဗိုလ်မှူးကြီး စောဆန်းအောင်၊ ကရင်နယ်ခြားစောင့်တပ်ဖွဲ့(BGF) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနဲ့ တရုတ်လုပ်ငန်းရှင်တွေ စုစုပေါင်း အယောက် ၆၀ လောက် တက်ရောက် ခဲ့ကြတယ်လို့ သိရပါတယ်။