မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်မှာ အကောင်အထည်ဖော် ဆောင်ရွက်မယ့် ပုပ္ပား လေအား လျှပ်စစ်စီမံကိန်း အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့အတွက် လိုအပ်တာတွေကို နိုင်ငံတော်မူဝါဒတွေနဲ့အညီ ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က ပြောပါတယ်။၂၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မဲ့ ပုပ္ပားလေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ဇန်နဝါရီ ၁၄ ရက်က ရှင်းလင်းတင်ပြပွဲ အခမ်းအနားမှာ ပြောကြားခဲ့တာပါ။
ပုပ္ပါးလေအားလျှပ်စစ်စီမံကိန်းကိုတော့ မြန်မာဘက်က Zeya & Associates ကုမ္ပဏီနဲ့ ရုရှားဘက်က Rosatom Renewable Energy တို့ ပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်မှာ ဖြစ်ပါတယ်။နိုင်ငံတော်အနေနဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ဖို့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ် တွေကို အသုံးပြုပြီး နည်းလမ်းအသွယ်သွယ်နဲ့ ကြိုးပမ်းဆောင်ရွက်နေရာ လေအားလျှပ်စစ်စီမံကိန်းလည်း တစ်ခု အပါအဝင် ဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က ပြောပါတယ်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ MoU လက်မှတ်ရေးထိုးထားတဲ့ လေအားလျှပ်စစ်စီမံကိန်း ရှစ်ခုမှာ ပုပ္ပားလေအား လျှပ်စစ် စီမံကိန်းလည်း ပါဝင်တယ်လို့ သိရပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လေအားလျှပ်စစ်စီမံကိန်း ၁၈ ခု စီစဉ်ထားပြီး အဲဒီစီမံကိန်းတွေကနေ လျှပ်စစ်မဂ္ဂါဝပ် ၂၂၆၀ ထုတ်လုပ်နိုင်ဖို့ ရှိတယ်လို့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အတွင်းက ရုရှားနိုင်ငံခရီးစဉ်မှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ပြောကြားခဲ့တာ ရှိပါတယ်။လက်ရှိမှာတော့ ဓာတ်အားထုတ်လုပ်မှု လျော့နည်းနေတဲ့အတွက် ထုတ်လုပ်နိုင်မှုရဲ့ ပျမ်းမျှ ၅၀ ရာခိုင်နှုန်းလောက် သာ ထုတ်လုပ်နိုင်ပြီး နိုင်ငံတစ်ဝန်း အလှည့်ကျ ဓာတ်အားခွဲဝေပေးနေရတယ်လို့လည်း လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနက ထုတ်ပြန်ထားတာ ရှိပါတယ်။