အခု ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလကနေ ဒီဇင်ဘာလအထိ ၉ လအတွင်း ပြည်တွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI)ပမာဏ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် ဝင်ရောက်ထားတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။အခုဘဏ္ဍာနှစ် ၉ လတာကာလအတွင်းမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄၉ ခု ဝင်ရောက်ထားပြီး အဲဒီလုပ်ငန်း တွေကနေ ရင်းနှီးမြှုပ်နှံမှု ပမာဏက အမေရိကန်ဒေါ်လာ ၆၃၉ သန်းကျော်ရှိတာ ဖြစ်ပါတယ်။
ကုန်ထုတ်လုပ်မှုကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄၃ ခုအထိ အများဆုံးဝင်ရောက်ခဲ့ပြီး စိုက်ပျိုးရေးကဏ္ဍမှာ ၁ ခု၊ စွမ်းအင်ကဏ္ဍမှာ ၂ ခု၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍမှာ ၁ ခုနဲ့ ဝန်ဆောင်မှုကဏ္ဍမှာ ၂ ခု ဝင်ရောက်ထားတာပါ။ကုန်ထုတ်လုပ်မှုလုပ်ငန်းမှာ ဝင်ရောက်ထားတဲ့လုပ်ငန်း ၄၀ ကျော်ရဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏကလည်း အမေရိကန် ဒေါ်လာ ၁၃၈ သန်းကျော်ရှိပြီး သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု ပမာဏ ၈၇ သန်း ကျော် ရှိပါတယ်။
စိုက်ပျိုးရေးမှာတော့ ရင်းနှီးမြှုပ်နှံမှုပမာဏဟာ အမေရိကန်ဒေါ်လာ ၅ သိန်း ကျော်ရှိပြီး စွမ်းအင်ကဏ္ဍမှာ ၈ သန်းကျော်နဲ့ ဝန်ဆောင်မှုကဏ္ဍမှာ ၄၄ သန်းကျော် ရှိပါတယ်။ အခုဘဏ္ဍာနှစ်အတွင်း စင်ကာပူရဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏက အများဆုံးဖြစ်ပြီး တရုတ်နဲ့ ထိုင်းနိုင်ငံတို့က ဒုတိယ အများဆုံး ဝင်ရောက်ဆောင်ရွက်နေပါတယ်။