မြန်မာ-အိန္ဒိယနယ်စပ်ကို မူးယစ်ဆေးဝါးတွေသယ်ဆောင်ရောင်းဝယ်တဲ့အဖွဲ့ကို ဇန်နဝါရီ ၇ ရက်က မန္တလေးမြို့ မှာ ဖမ်းမိခဲ့တယ်လို့ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့က ဇန်နဝါရီ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဇန်နဝါရီ ၇ ရက် ညနေ ၄ နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်မှာ မူးယစ်ဆေးဝါးရောင်းဝယ်နေကြောင်း သတင်းအရ ရှာဖွေစစ်ဆေးရာမှာ အမျိုးသား ၄ ယောက်ကို ဘိန်းဖြူ ၅ ဒသမ ၉၄ ကီလိုနဲ့အတူ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ ကွင်းဆက်ဖော်ထုတ်ချက်အရ အဲဒီနေ့ ညနေ ၄ နာရီခွဲအချိန်မှာ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီး မျက်ရှင်ရပ်ကွက်ရှိ နေအိမ်ကနေ ဖန်စီဒိုင်းပုလင်း ၃၀ ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘိန်းဖြူတွေရောင်းချပေးခဲ့တဲ့ အမျိုးသားနှစ်ယောက်ကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ လိန်းလီကျေးရွာအနီးမှာ ဖမ်းမိခဲ့ပြီး ဖန်စီဒိုင်းပုလင်းတွေ ရောင်းချပေးခဲ့တဲ့ အမျိုးသားတစ် ယောက်ကို မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်မှာ ဖမ်းမိခဲ့တယ်လို့ ထုတ် ပြန်ချက်မှာ ဖော်ပြထားပါတယ်။စစ်ဆေးဖော်ထုတ်ချက်တွေအရ ဘိန်းဖြူတွေကို မြန်မာ-အိန္ဒိယနယ်စပ်၊ တမူးမြို့နယ်ကို သယ်ဆောင်ရောင်းဝယ် ပြီး အဲဒီကတစ်ဆင့် နယ်စပ်မှာ နေထိုင်သူတစ်ယောက်က ပြန်လည်ရောင်းချတာဖြစ်သလို ကလေးမြို့ကနေ မန္တ လေးမြို့ကို ဖန်စီဒိုင်းပုလင်းတွေ ပြန်လည်သယ်ဆောင်ရောင်းဝယ်တာဖြစ်တယ်လို့ သိရပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖမ်းမိထားတဲ့အမျိုးသား ၇ ယောက်ကို ဥပဒေအရ အရေးယူထားပြီး ကွင်းဆက် ပြစ်မှု ကျူးလွန်သူတွေကို ဆက်လက်စစ်ဆေးဖော်ထုတ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။