အစ္စရေးနဲ့ ဟားမာ့စ်တို့ကြား အပစ်ရပ်သဘောတူညီမှုတစ်ခုရရှိတာနဲ့အတူ ဂါဇာထဲမှာ ပြန်ပေးဆွဲခံထားရတဲ့ အစ္စရေး ဓားစာခံတွေနဲ့ အစ္စရေးက ဖမ်းဆီးထိန်းသိမ်းထားတဲ့ ပါလက်စတိုင်းတွေလည်း လွှတ်မြောက်လာဖို့ မျှော်လင့်ရပါတယ်။ အဆင့်သုံးဆင့် သတ်မှတ်ထားတဲ့ အဲဒီ အပစ်ရပ်သဘောတူညီချက်ဟာ လာမဲ့ တနင်္ဂနွေနေ့မှာ စတင်အကျိုးသက်ရောက်မှာဖြစ်ပြီး သဘောတူညီချက်ပါ အသေးစိတ်တွေနဲ့ အချိန်ဇယား အများအပြားကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အဲဒီသဘောတူညီချက်ကို အစ္စရေးအစိုးရအဖွဲ့က အတည်ပြုပေးဖို့ လိုအပ်နေသေးကာ သဘာတူညီချက်ပါ အသေးစိတ်တွေအားလုံး အပြီးမသတ်နိုင်သေးခင်အထိ သူ့အနေနဲ့ တရားဝင် သဘောထားမှတ်ချက်ပေးမှာ မဟုတ်ဘူးလို့ အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုက ပြောပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က လက်ရှိ ဖြစ်ပွားနေတဲ့စစ်ပွဲ အမြဲတမ်း ရပ်စဲသွားရေးအတွက် ယာယီအပစ်ရပ်စဲရေးအဆင့်ကို ကျော်လွန်ကာ ဆွေးနွေးမှု တွေ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။
နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီတွေကလည်း အဲဒီ သဘောတူ ညီချက်ကို ကြိုဆိုလိုက်ကြပြီး ဂါဇာဒေသထဲက အကူအညီပေးရေး လုပ်ငန်းစဉ်တွေကို တိုးချဲ့ လုပ်ကိုင်သွားမယ် လို့ ကတိပြုလိုက်ကြပါတယ်။ အမေရိကန်အနေနဲ့လည်း အပစ်ရပ်ကာလအတွင်း တစ်နေ့ကို ဂါဇာထဲ အကူအညီ ပေးရေး ထရပ်ကား အစင်း(၅၀၀)ကျော် စေလွှတ်သွားမယ်လို့ ပြောထားပါတယ်။