အမေရိကန် ဈေးကွက်စောင့်ကြည့်ရေးအဖွဲ့က အီလွန်မက်စ်ကို တွစ်တာ ဝယ်ယူခဲ့ရာမှာ ရှယ်ရာဈေးကို ပုံမှန်ထက် အရမ်းနည်းတဲ့ ဈေးနှုန်းနဲ့ ဝယ်ခဲ့တယ်ဆိုတာကို ထုတ်ဖော်ပြောဆိုဖို့ ပျက်ကွက်မှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။ အမေရိကန် အာမခံချေးငွေနဲ့ အိတ်ချိန်းကော်မရှင်(SEC)က တက်စ်လာပိုင်ရှင် အီလွန်မက်စ်ဟာ ပုံမှန်ထက် အရမ်းနည်းတဲ့ဈေးနဲ့ ရှယ်ယာတွေကို ဝယ်ယူခဲ့တာကြောင့် ရလဒ်အဖြစ် အမေရိကန် ဒေါ်လာသန်း ၁၅၀ ရရှိခဲ့ တယ်လို့ စွပ်စွဲထားပါတယ်။
ဝါရှင်တန် ဒီစီ တရားရုံးကို တင်သွင်းခဲ့တဲ့ မှတ်တမ်းမှာ အီလွန်မက်စ်အနေနဲ့ အဲဒီလို မလျော်ကန်တဲ့နည်းနဲ့ ရထားတဲ့ အမြတ်အစွန်းတွေကို စွန့်လွှတ်ပြီးတော့ ဒဏ်ငွေဆောင်ရေး အမိန့်ထုတ်ပြန်ပေးဖို့ ဖော်ပြတောင်းဆိုထားပါတယ်။ SEC စည်းမျဉ်းအရ ရှယ်ယာ (၅)ရာခိုင်နှုန်း ကျော်လွန်ပိုင်ဆိုင်တဲ့ ရင်းနှီးမြှုပ်နှံသူ တွေဟာ (၁၀)ရက်အတွင်း အစီရင်ခံ ထုတ်ပြန်ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အီလွန်မက်စ်က တွစ်တာကို ဝယ်ယူ ပြီး (၂၁)ရက်အကြာမှသာ အချက်အလက်တွေကို ထုတ်ပြန်ခဲ့ပြီး မက်စ်ရဲ့လုပ်ရပ်ဟာ ရင်းနှီးမြှုပ်နှံသူတွေကို စီးပွားရေး နစ်နာဆုံးရှုံးမှု ကြီးမားစေခဲ့တယ်လို့ အဲဒီတရားစွဲမှုမှတ်တမ်းမှာ ဖော်ပြထားပါတယ်။
အီလွန်မက်စ်က တော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး SEC ဟာ လုံး၀ ပျက်စီးနေတဲ့ အဖွဲ့အစည်းလို့ သူရဲ့ လူမှုကွန်ရက်ပေါ်ကနေ ဝေဖန် ထားပါတယ်။ အဲဒီအဖွဲ့ဟာ အပြစ်ပေးမခံရတဲ့ ရာဇဝတ်မှုတွေ ရှိနေချိန်မှာ အချိန်ကို အလကားသက်သက် ဖြုန်း နေတယ်လို့လည်း စွပ်စွဲသွားခဲ့ပါတယ်။ အီလွန်မက်စ်ဟာ (၂၀၂၂)ခုနှစ် အောက်တိုဘာမှာ တွစ်တာကို အမေရိကန် ဒေါ်လာ (၄၄)ဘီလီယံနဲ့ ဝယ်ယူပြီး X လို့ နာမည်ပြောင်းလဲခဲ့ပါတယ်။