အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီဘလင်ကန်ဟာ စစ်ပွဲအလွန် ဂါဇာဒေသ အသေးစိတ် အစီအစဉ်တွေကို ချပြလာပါတယ်။ စစ်ဒဏ်ကြောင့် ပျက်စီးကြေမွသွားတဲ့ ဂါဇာမှာ အာဏာလေဟာနယ်မဖြစ်အောင် ဖို့က အရေးကြီးကြောင်းလည်း ဘလင်ကန်က အလေးထား ပြောသွားပါတယ်။ ဘလင်ကန်က သူ့ရာထူး သက်တမ်း မကုန်ဆုံးခင် အဲဒီ အစီအစဉ်ကို အတ္တလန္တိတ် ကောင်စီမှာ ပြီးခဲ့တဲ့ရက်အနည်းငယ်က တင်ပြခဲ့တာပါ။
အဲဒီအစီအစဉ်မှာ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ (PA) ကို ပြန်လည်ပြုပြင်ဖွဲ့စည်းရေး နဲ့ အစ္စရေးအစိုးရက အသစ်ပြုပြင်ဖွဲ့စည်းထားတဲ့ (PA) ကို အသိအမှတ်ပြုဖို့ ပါဝင်ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ အကြီးတန်းအရာရှိတစ်ယောက်ရဲ့ ကြီးကြပ်မှုနဲ့ ဂါဇာဒေသကို ပြန်လည်တည်ဆောက်ရေး လည်း ပါဝင်ပြီး တစ်ချို့မိတ်ဖက်နိုင်ငံတွေက အဲဒီအစီအစဉ်တွေ အကောင်အထည်ဖော်ဖို့ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ တွေ စေလွှတ်ကူညီဖို့ ဆန္ဒရှိနေတယ်လို့ နိုင်ငံနာမည်တွေကို ဖော်ပြတာမျိုးမလုပ်ဘဲ ပြောသွားခဲ့ပါတယ်။
အဲဒီအစီအစဉ်ကို အသစ်တက်လာမဲ့ ထရမ့်အစိုးရက ကိုင်တွယ်သွားမှာဖြစ်ပေမဲ့ ထရမ့်အစိုးရဟာလည်း သူ့ရဲ့ အစီအစဉ်အတိုင်း လိုက်ပါဖို့ ရည်ရွယ်ထားတယ်လို့ ဘလင်ကန်က ပြောကြားသွားပါတယ်။ ဘိုင်ဒန်အစိုးရ ရဲ့ ဂါဇာအရေး မူဝါဒကို ဒီမိုကရက်တစ် အမတ်တစ်ချို့နဲ့ ၊ အရင် နဲ့ လက်ရှိ တာဝန်ထမ်းဆောင်ဆဲ အမေရိကန် အရာရှိတွေက ပြင်းပြင်းထန်ထန်ဝေဖန်ထားကြပါတယ်။ အစ္စရေးဟာ လူမျိုးတုံးသတ်ဖြတ်မှုတွေ လုပ်နေတယ်လို့ စွပ်စွဲထားတဲ့ လူ့အခွင့်အရေး အဖွဲ့တွေကလည်း ဝေဖန်နေကြတာပါ။ ဘိုင်ဒန်အစိုးရ နဲ့ အစ္စရေးအစိုးရတို့ကတော့ အဲဒီလို ဝေဖန်မှုတွေကို ပယ်ချထားပါတယ်။