၂၀၂၅ ခုနှစ်အတွင်း ဖြစ်ပေါ်လာနိုင်မယ့် နိုင်ငံရေး အခင်းအကျင်းနဲ့အညီ ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင် ထားရှိ ရေး အပါအဝင် အချက်ငါးချက်ကို ဆောင်ရွက်ဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့ရဲ့ မဟာ မိတ်အဖွဲ့တို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
7 EAO Alliance ရဲ့ ဦးဆောင်အဖွဲ့အစည်းအဝေးကို ဇန်နဝါရီ ၁၄ ရက်က ကျင်းပခဲ့ပြီး အစည်းအဝေးမှာ သဘာပတိ(၁)အဖြစ် ဦးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်၊ သဘာပတိ (၂)အဖြစ် ဒုတိယအဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းတို့က ဆောင်ရွက်ခဲ့ပါတယ်။အစည်းအဝေးမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနဲ့ ပြည်သူလူထု နေ့စဉ် ရင်ဆိုင်ကြုံတွေ့နေ ရတဲ့ လူမှု ဒုက္ခမျိုးစုံကို သုံးသပ်ခဲ့ပြီး နိုင်ငံရေးအကျပ်အတည်းကနေ လွတ်မြောက်နိုင်ဖို့အတွက် အချက်ငါးချက်ကို ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီအချက်ငါးချက်ကတော့ ၂၀၂၅ ခုနှစ်အတွင်း ဖြစ်ပေါ်လာနိုင်မယ့် နိုင်ငံရေးအခင်းအကျင်းနဲ့အညီ ဆောင်ရွက် နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိရေး၊ သက်ဆိုင်သူအားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်လာ ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ရေး၊ EAO တွေအတွင်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုရှိလာ စေ ရေနဲ့ ပြည်တွင်း နိုင်ငံရေးဘောင် ချဲ့ထွင်ရေးလုပ်ငန်းစဉ်ကို တိုးမြှင့်ဆောင်ရွက်ရေးတို့ကို ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားဖို့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။အစည်းအဝေးကိုတော့ ဦးဆောင်အဖွဲ့ဝင်တွေ၊ အတွင်းရေးမှူးအဖွဲ့ဝင်တွေနဲ့ လုပ်ငန်းကော်မတီအသီးသီးတို့ရဲ့ ညှိ နှိုင်းရေးမှူးတွေ အပါအဝင် စုစုပေါင်း ၂၂ ယောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။