ပရီးမီးယားလိဂ်ကလပ် ဗီလာအသင်းဟာ ဒေါ့မွန်အသင်းရဲ့ နယ်သာလန်တိုက်စစ်မှူး မာလန်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၉ သန်းနဲ့ခေါ်ယူလိုက်ပါတယ်။ အသက် ၂၅ နှစ်အရွယ် မာလန်းအတွက် ဗီလာအသင်းဟာ ပြောင်းရွှေ့ကြေး အပြင် အပိုဆုကြေး ပေါင် ၂ သန်းခွဲကိုလည်း ထပ်မံပေးရမှာဖြစ်လို့ မာလန်းအတွက် စုစုပေါင်း ပေါင် ၂၁ သန်းခွဲ ကုန်ကျမှာလည်း ဖြစ်ပါတယ်။
ဗီလာအသင်းရဲ့ ရည်မှန်းချက်တွေကို သိရှိရပြီးနောက် နည်းပြ အမ်မရီနဲ့လည်း အတူလက်တွဲလုပ်ဆောင်ချင်တဲ့အတွက် ဗီလာအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ မာလန်းက အသင်းသစ်နဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။ မာလန်းဟာ ဗီလာအသင်းမှာ ကျောနံပါတ် ၁၇ ကို ဝတ်ဆင်ကစားမှာဖြစ်ပြီး ဒေါ့မွန်အသင်းမှာတုန်းက တွဲကစားခဲ့ဖူတဲ့ နောက်ခံလူ မက်ဆန် ဆီကနေ ဗီလာအသင်း အကြောင်းတွေကို သိခွင့်ရခဲ့ပါတယ်လို့ မာလန်းက ပြောပါတယ်။
ဗီလာအသင်းဟာ အခုရာသီချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်တက်နိုင်ဖို့အတွက် ပြင်ဆင်နေတာဖြစ်ပြီး မာလန်းလို ချန်ပီယံလိဂ် အတွေ့အကြုံရှိ ကစားသမား ကို ခေါ်ယူအားဖြည့်ခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်လူငယ်အသင်းကနေ ထွက်ပေါ်လာခဲ့တဲ့ မာလန်းဟာ ပြီးခဲ့တဲ့ ရာသီက ဒေါ့မွန်အသင်းအတွက် ၁၃ ဂိုးသွင်းယူပေးခဲ့သလို ဒေါ့မွန်ကစားသမားဘဝ ပြိုင်ပွဲစုံ ၁၃၂ ပွဲမှာ ၃၉ ဂိုး သွင်းပြီး ဂိုးဖန်တီးမှု ၂၀ ပြုလုပ်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။