ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးတည်ထောင်သူနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို မြန်မာအထူးစီးပွား ရေးဇုန် ဥပဒေ၊ နည်းဥပဒေနဲ့ အညီ ဆောင်ရွက်ပေးမယ်လို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟို လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောကြားပါတယ်။
ဇန်နဝါရီလ ၁၄ရက်နေ့က နေပြည်တော်မှာကျင်းပတဲ့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ရဲ့ အစည်းအဝေးမှာ အခုလိုထည့်သွင်းပြောကြားခဲ့တာပါ။အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးက ထားဝယ်အထူးစီးပွားရေးဇုန်ရဲ့ ကနဦးစီမံကိန်း လုပ်ကိုင်ခွင့်ရ ကုမ္ပဏီ ၆ ခု နဲ့ ချုပ်ဆိုထားတဲ့ လုပ်ငန်းလုပ်ကိုင်ခွင့်သဘောတူစာချုပ်၈ ခု ကို ရပ်စဲခဲ့မှုခိုင်မာစေဖို့၊ အထူးစီးပွားရေးဇုန်ကိုရင်းနှီးတည်ဆောက်သူအသစ်တွေနဲ့ ဆက်လက်လုပ်ကိုင်နိုင်ဖို့ ဆောင်ရွက်နေတဲ့အခြေအနေနဲ့ ဇုန်အတွင်း ထူးခြားဖြစ်စဉ်တွေ မကြာခဏဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် လုံခြုံရေးအတွက် ဆောင်ရွက်ရန် ညွှန်ကြားချက် များကို လိုက်နာဆောင်ရွက်ရမယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ထားဝယ်အထူးစီးပွားရေးဇုန်ဟာ အရှေ့တောင်အာရှမှာ အရေးပါတဲ့ ဇုန်တစ်ခု ဖြစ်လာနိုင်တဲ့အတွက် ဆက်လက်ဆောင်ရွက်ရမယ့်ကိစ္စတွေကို အရှိန်အဟုန်မပြတ် ဆောင်ရွက်ပြီး ရင်းနှီးတည်ဆောင်သူနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ရေး ၊ ပြည်တွင်း၊ ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေကို အားပေး ဆွဲဆောင်တာ ပြုလုပ်သွားနိုင်ရေးတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။
ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ၂၀၀၈ခုနှစ်မှာ အီတာလျံ-ထိုင်း ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပြုခဲ့ပြီး ၂၀၁၃ခုနှစ်မှာ အီတာလျံ-ထိုင်းဘက်က အကောင်အထည်ဖော်နိုင်မှု အားနည်းခဲ့တဲ့အတွက် ခေတ္တရပ်နားခဲ့ပေမယ့် ၂၀၁၅ ခုနှစ်မှာ ကနဦးစီမံကိန်းကို တင်ဒါပြန်ခေါ်တဲ့အခါမှာ အီတာလျံ-ထိုင်းကပြန်လည်ရရှိခဲ့ပါတယ်။အဲဒီနောက် ၂၀၁၉ ခုနှစ်မှာ ပင်မစီမံကိန်းကြီးတစ်ခုလုံးကို အစိုးရကဦးဆောင်ပြီး အကောင်အထည်ဖော်ဆောင် ရွက်တာကိုစတင်လုပ်ဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ်ဇန်နဝါရီလမှာ အီတာလျံ-ထိုင်းနဲ့ချုပ်ဆိုထားတဲ့တင်ဒါစာချုပ်ကို ဖျက်သိမ်းခဲ့ပါတယ်။