မအောင်မြင်တဲ့ မာရှယ်လောထုတ်ပြန်မှုအတွက် ပုန်ကန်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ သမ္မတ ယွန်းဆော့ယိုးလ်ကို တောင်ကိုရီးယား အာဏာပိုင်တွေက လက်ရ ဖမ်းဆီးလိုက်နိုင်ပြီဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးရေးမှူးတွေရဲ့ ဖမ်းဆီးမှုကို အညံ့မခံဘဲ အာခံဖီဆန်နေတဲ့နောက် အာဏာပိုင်တွေဘက်က ဒုတိယအကြိမ် ဖမ်း၀ရမ်းထုတ်ပြန်ကာ ဗုဒ္ဓဟူးနေ့က ဖမ်းဆီးလိုက်တာပါ။ လက်ရှိမှာ ယွန်းဆော့ယိုးလ်ဟာ အကျင့်ပျက်ခြာစားမှုဆိုင်ရာ စုံစမ်းစစ်ဆေး ရေးရုံး(CIO)ကို ရောက်နေပါတယ်။
ယွန်းကတော့ စုံစမ်းစစ်ဆေးမှုဟာ တရားမဝင်ပေမဲ့ သူ့အနေနဲ့ မလိုလား အပ်တဲ့ သွေးထွက်သံယိုဖြစ်စဉ်တွေကို ရှောင်ရှားဖို့အတွက် စုံစမ်းမေးမြန်းခံဖို့ သဘောတူခဲ့တယ်လို့ ပြောပါတယ်။ ဒုတိယအကြိမ် ဖမ်း၀ရမ်းထုတ်ပြန်ပြီးနောက် သမ္မတအိမ်တော်ကို ဝင်ရောက်ဖမ်းဆီးဖို့ လုပ်ရာမှာ အိမ်တော် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ထောက်ခံသူတွေက ဟန့်တားတာကြောင့် တစ်နာရီခန့် နှစ်ဖက် ထိပ်တိုက်တွေ့ခဲ့ တယ်လို့ ပြောပါတယ်။
အဲဒီနောက် စုံစမ်းစစ်ဆေးရေးမှူးတွေက သမ္မတအိမ်တော် လုံခြုံရေးအတွက် လုံခြုံရေး အတားအဆီးတွေကို ချိုးဖျက်ဝင်ရောက်ပြီး အိမ်တော်ထဲ ဝင်ရောက်ဖမ်းဆီးခဲ့ရပါတယ်။ ယွန်းဟာ သီတင်းပတ် ပေါင်းမျာစွာ စုံစမ်းစစ်ဆေးရေးမှူးတွေရဲ့ ဖမ်းဆီးရေးကြိုးပမ်းကို လက်မခံဘဲ သမ္မတအိမ်တော်ထဲမှာ ပုန်းအောင်း နေပြီး ဖမ်း၀ရမ်းကို အာခံနေခဲ့တာပါ။ အခုလို ရာထူးလက်ရှိ သမ္မတကို ဖမ်းဆီးတာဟာ တောင်ကိုရီးယားနိုင်ငံ သမိုင်းမှာ ပထမဆုံးအကြိမ်လည်း ဖြစ်လာပါတယ်။