ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဆောက်လုပ်ဆဲ တိုက် တွေထဲကနေ အခန်းပေါင်း ၄၅၀ ခန်းကျော်ကို မကြာမီ ထပ်မံငှားရမ်းပေးသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကနေ သိရပါတယ်။
သုခဒဂုံပြည်သူ့အငှားအိမ်ရာ စီမံကိန်းမှာ စုစုပေါင်းတိုက် ၁၉၄ လုံး၊ တိုက်ခန်းပေါင်း ၃၁၀၄ ခန်းပါဝင်ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှ လက်ရှိအချိန်အထိ တစ်နှစ်ကိုကျော်ကာလအတွင်း တိုက်ခန်းပေါင်း ၂၆၀၀ ကျော်ကို ငှားရမ်း နေထိုင်ခွင့်ပြုပေးထားပြီး ဖြစ်ပါတယ်။၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ ပထမအဆင့် တိုက် ၇၃ လုံး၊ ၂၀၂၄ ခုနှစ် ဇွန်လမှာ ဒုတိယအဆင့် တိုက်အလုံး ၅၀ နဲ့ အောက်တိုဘာလမှာ တတိယအဆင့် တိုက် ၇၁ လုံးအနက် တည်ဆောက်ပြီးတဲ့ တိုက် ၄၃ လုံးရှိ လူနေတိုက်ခန်း တွေကို မဲနှိုက် ငှားရမ်းနေထိုင်ခွင့်ပြုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ တစ်လကို တိုက်ခန်းငှားရမ်းခအဖြစ် ပထမထပ်က ငွေကျပ် ၆၇၀၀၀၊ ဒုတိယထပ် ၆၀၀၀၀၊ တတိယထပ် ၅၅၀၀၀ နဲ့ စတုတ္ထထပ် ၄၆၀၀၀ သတ်မှတ်ထားပြီး တိုက်ခန်းငှားရမ်းတဲ့ သက်တမ်းမှာ ၅နှစ် ဖြစ်တယ်လို့ ဆိုပါတယ်။ဒါ့အပြင် ပြည်သူ့အငှားအိမ်ရာမှာ အိမ်ခန်းရမယ်ဆိုပြီး ငွေကြေးလိမ်လည်မှုတွေလည်း ရှိနေအတွက် ပြည်သူတွေ အနေနဲ့ သတိပြုဖို့ကိုလည်း သုခဒဂုံအိမ်ခန်းနေရာအငှားချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီက အသိပေးထားပါတယ်။