ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာအနီးက ကျောက်စိမ်းလုပ်ကွက် မြေစာ နွံကန် ပေါက်ကျမှုမှာ ဇန်နဝါရီ ၁၅ ရက်၊ မနက်ပိုင်းထိ သေဆုံးသူ ရုပ်အလောင်း ၂၂ လောင်း ရှာဖွေတွေ့ရှိထား တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့-ဖားကန့်မြို့နယ် ကော်မတီကနေ သိရပါတယ်။
လက်ရှိမှာတော့ နွံကန်ပေါက်ကျမှုဖြစ်တဲ့ နေရာအနီးရှိ လူနေအိမ်ခြေတွေက ရွှံ့နွံတွေကို ဆက်လက်ဖယ်ရှားနေပြီး ပျောက်ဆုံးနေသူတွေကိုလည်း ထပ်မံ ရှာဖွေနေတယ်လို့ ဆိုပါတယ်။လတ်တလော နွံကန်ပေါက်ကျမှုကြောင့် ပျောက်ဆုံးစာရင်း ပေးထားတာကတော့ ၁၀ ယောက်လောက် ထပ်ရှိနေ ပြီး ရွှံ့နွံတွေ ဖယ်ရှားရှင်းလင်းပြီးရင်တော့ အလောင်းတွေ ဆက်တွေ့နိုင်သေးတယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ် ရေးအဖွဲ့-ဖားကန့်မြို့နယ် ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်အောင်က ပြောပါတယ်။
ဖားကန့်မြို့နယ်၊ စပေါ့ကျေးရွာအနီးက ကျောက်စိမ်းလုပ်ကွက်တစ်ခုမှာ ဇန်နဝါရီ ၁၃ ရက်၊ မနက်အစောပိုင်းက စွန့်ပစ်မြေစာ ဖိအားကြောင့် မြေအောက်ကနေ ရွှံ့နွံတွေ ပေါက်ကျမှု ဖြစ်ပွားခဲ့ပြီး အနီးရှိ နေအိမ် ၅၀ ကျော် လောက် နစ်မြုပ်သွားခဲ့တာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်းကလည်း ကချင်ပြည်နယ်၊ ဝှေခါကျေးရွာက ကျောက်စိမ်းလုပ်ကွက်တစ်ခု ကမ်းပါးပြိုကျမှုမှာ ရေမဆေး ကျောက်ရှာဖွေသူ ၁၉၀ ကျော် သေဆုံးခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။