နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ သဲကျွန်းကျေးရွာမှာ ဇန်နဝါရီ ၇ ရက်က ဖြစ်ပွားခဲ့တဲ့ လူသတ် လူယက်မှုဖြစ်စဉ်က ကျူးလွန်သူနှစ်ယောက်ကို ဖမ်းမိပြီဖြစ်တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ် ပြန်ပါတယ်။ ဖြစ်စဉ်ကတော့ ဇန်နဝါရီ ၇ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ သဲကျွန်း ကျေးရွာရှိ PNPT ကလေးကစားကွင်းအနီးမှာ အမျိုးသားတစ်ယောက်သေဆုံးနေကြောင်း သတင်းရတဲ့ အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သက်သေတွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်သူတွေကို ဖမ်းမိရေး ဆောင်ရွက်ခဲ့ကြပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စုံစမ်းဖော်ထုတ်ရာမှာ သေဆုံးသူဟာ ပျဉ်းမနား မြို့နယ်၊ ပေါင်းလောင်း(၁)ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ယောက်ဖြစ်ပြီး ဇန်နဝါရီ ၆ ရက် ည ၈ နာရီခွဲအချိန်က နှင်းဆီ အဝိုင်းဘက်ကို ဆိုင်ကယ်နဲ့သွားရောက်ရာကနေ အိမ်ကိုပြန်ရာက်မလာဘဲ ပျောက်ဆုံးနေသူဖြစ်ကြောင်း သိရှိရတယ်လို့ ဆိုပါတယ်။အမာခံသတင်းပေးတွေဆီကနေရတဲ့ အချက်အလက်တွေနဲ့ အခင်းဖြစ်ရပ် အထောက်အထားတွေအရ ဇန်နဝါရီ ၁၂ ရက် ညပိုင်းမှာ ပျဉ်းမနားမြို့နယ်၊ မြို့သစ်ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၂၀ အရွယ် အမျိုးသားတစ်ယောက်နဲ့ သဲကျွန်းကျေးရွာမှာနေထိုင်တဲ့ အသက် ၁၆ နှစ်အရွယ် အမျိုးသားတစ်ယောက်တို့ကို ဖမ်းမိခဲ့ပြီး အခင်းဖြစ်စဉ်က လုယက်ယူဆောင်သွားတဲ့ ဆိုင်ကယ်နဲ့ဖုန်းကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖမ်းမိသူတွေရဲ့ထွက်ဆိုချက်အရ သူတို့နှစ်ယောက်နဲ့အတူ ပြစ်မှုကျူးလွန်ရာမှာပါဝင်တဲ့ နောက်ထပ် အမျိုးသား တစ်ယောက်တို့ဟာ သေဆုံးသူအမျိုးသားနဲ့တွေ့ဆုံစဉ် ငွေကြေးလိုအပ်ချက်အရ သတ်ဖြတ်ပြီး လုယက်မှု ကျူးလွန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖမ်းမိထားတဲ့အမျိုးသားနှစ်ယောက်ကို ဥပဒေနဲ့အညီ ထိရောက်စွာအရေးယူနိုင်ရေးဆောင်ရွက်နေသလို ဖမ်းဆီးဖို့ကျန်နေတဲ့ အမျိုးသားတစ်ယောက်ကိုလည်း ဖမ်းမိရေးဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။