ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်နေတဲ့ လာနီညာဖြစ်စဉ်ဟာ မြန်မာနိုင်ငံမှာ လာမယ့် နွေရာသီကာလအတွင်း သက် ရောက်မှု ရှိနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါ တယ်။
အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာရဲ့ ပင်လယ်ရေမျက်နှာပြင် အပူချိန်နဲ့ လေထုဖြစ်စဉ်တွေမှာ အားအနည်းငယ်ရှိတဲ့ လာနီညာအခြေအနေကို ရောက်ရှိနေပြီး အခုဇန်နဝါရီလအတွင်း အားအနည်းငယ်ရှိတဲ့ လာနီညာအဆင့်မှာ ဆက်လက်တည်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။လာနီညာဖြစ်စဉ်ဟာ ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်တာ ဖြစ်ပေမယ့် လာနီညာဖြစ်စဉ်ကြောင့် အကျိုးသက် ရောက်မှုမှာ အရှေ့ဘက်က လေပွေလှိုင်းတွေ တိုက်ခတ်တာ၊ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း တွေ ပိုမိုဖြစ် ပေါ်လာနိုင်တာနဲ့ မိုးရွာသွန်းမှုတွေ ပုံမှန်ထက်ပိုတာ စတဲ့ ရာသီဥတုဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။
လာနီညာဖြစ်စဉ်ရဲ့ သက်ရောက်မှုကြောင့် လာမယ့် နွေရာသီကာလအတွင်း အချိန်အခါမဟုတ် မိုးရွာတာနဲ့ ပုံမှန် ရာသီဥတုထက် အေးတာတွေ ရှိလာနိုင်တယ်လို့ ဦးလှထွန်းက ပြောပါတယ်။ လက်ရှိ ဆောင်းရာသီကာလမှာတော့ မြန်မာနိုင်ငံမှာ ပုံမှန်အအေးဓာတ်သာရှိပြီး အအေးလှိုင်းဖြတ်ဖို့တော့ မရှိနိုင် ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် လာနီညာဖြစ်ပေါ်မှုနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို အချိန်နဲ့တစ်ပြေးညီ ဆက်လက် ထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်။