မကွေးမြို့ရဲ့ ထင်း၊ မီးသွေး အစားထိုး လောင်စာတောင့် ဈေးကွက်မှာ အရင်ကထက် ဈေးမြင့်တက်လာတယ်လို့ မကွေးမြို့ရှိ လောင်စာတောင့် ထုတ်လုပ်ရောင်းချသူတွေဆီက သိရပါတယ်။ လောင်စာတောင့်တွေကို စွန့်ပစ် မီးသွေးအကြေ၊ လွှစာမှုန့်၊ ရွှံ့ရေတွေနဲ့ရောစပ်ပြီး ထုတ်လုပ်ကြတာလို့ ဆိုပါတယ်။

မီးသွေးအကြေတစ်အိတ်ကို အရင်က (၁၅၀၀)ကျပ်သာရှိပြီး လက်ရှိမှာ (၃၀၀၀)ကျပ်အထိ ဈေးတက်လာကာ လွှစာမှုန့်နဲ့ ကျွမ်းကျင်လုပ်သားတွေကလည်း ရှားလာတယ်လို့ သိရပါတယ်။လောင်စာတောင့် အလုံး(၄၀)ပါ တစ်အိတ်ကို အရင်က (၄၀၀၀)ကျပ်သာရှိပြီး လက်ရှိမှာ တစ်အိတ်ကို (၄၅၀၀) ကျပ်အထိ ဈေးတက်ရောင်းချနေရတယ်လို့ မကွေးမြို့က လောင်စာတောင့် ထုတ်လုပ်သူ ဦးအောင်ကိုလတ်က ပြောပါတယ်။

မကွေးမြို့က ထွက်ရှိတဲ့ ထင်း၊ မီးသွေး အစားထိုး လောင်စာတောင့်တွေကို ရန်ကုန်ကို အဓိက တင်ပို့ကြပြီး ဒေသတွင်းမြို့တွေဖြစ်တဲ့ ရေနံချောင်း ၊ချောက်၊ ကျောက်ပန်းတောင်း၊ နတ်မောက် စတဲ့ မြို့တွေကိုလည်း တင်ပို့ နေတယ်လို့ ဆိုပါတယ်။ လောင်စာတောင့် ရောင်းချမှုဟာ အခုလို ပွင့်လင်းရာသီထက် မိုးရာသီမှာ ရောင်းအား ပိုသွက်တယ်လို့ သိရပါတယ်။