ဟီလာရီကလင်တန်၊ သရုပ်ဆောင် ဒန်ဇယ်ဝါရှင်တန်နဲ့ ကမ္ဘာကျော် ဘောလုံးကစားသမား လီယွန်နယ်မက်ဆီတို့အပါအဝင် လူပုဂ္ဂိုလ် ၁၉ ဦးကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က Presidential Medal of Freedom ဆုတံဆိပ် ချီးမြှင့်လိုက်ပါတယ်။

ဒီဆုတံဆိပ်ကို ယဉ်ကျေးမှု၊ နိုင်ငံရေးနဲ့ တက်ကြွလှုပ်ရှားမှုတွေအတွက် ချီးမြှင့်တာဖြစ်ပြီး အမေရိကန်ရဲ့ အမြင့်ဆုံး အရပ်သားဂုဏ်ပြု ဆုတံဆိပ်လည်း ဖြစ်ပါတယ်။ဒီဂုဏ်ပြုဆုတံဆိပ်ချီးမြှင့်တဲ့ အခမ်းအနားကို ဇန်နဝါရီ ၄ ရက်က အိမ်ဖြူတော်မှာ ပြုလုပ်ခဲ့ပါတယ်။မိမိတို့ နိုင်ငံနဲ့ ကမ္ဘာကြီးအတွက် အကျိုးဖြစ်ထွန်းစေခဲ့သူတွေကို ဆုချီးမြှင့်တာဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

Presidential Medal of Freedom ဆုတံဆိပ် ရရှိသူတွေထဲမှာ HIV/ AIDS တိုက်ဖျက်ရေးအတွက် ဆောင်ရွက်ခဲ့တဲ့ Vogue မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ်ဟောင်း Anna Wntour, U2 ရော့ခ်ဂီတအဖွဲ့ရဲ့ ဦးဆောင်အဆိုတော် Bono တို့လည်း ပါဝင်ပါတယ်။ဒါ့အပြင် ရင်းနှီးမြှုပ်နှံသူနဲ့ ပရိဟိတသမား ဘီလီယံနာ ဂျော့ဆိုးရော့စ်၊ မဲပေးခွင့်နဲ့ လူမျိုးရေးတန်းတူညီမျှမှုအတွက် ဆောင်ရွက်ခဲ့သူ Fannie Lou Hamer, LGBTQ+ အခွင့်အရေးလှုပ်ရှားသူ Tim Gill၊ ပါကင်ဆန်ရောဂါ သုတေသနတွေအတွက် ဆောင်ရွက်ခဲ့သူ ရုပ်ရှင်သရုပ်ဆောင် Michael J. Fox တို့လည်း ပါဝင်ပါတယ်။

ဂုဏ်ပြုဆု ရရှိတဲ့ နောက်ထပ် ပုဂ္ဂိုလ်တွေကတော့ World Central Kitchen တည်ထောင်သူ José Andrés, ၂၅ ယောက်မြောက် အမေရိကန် ကာကွယ်ရေးဝန်ကြီးဟောင်း Ashton B. Carter, ချင်ပန်ဇီတွေနဲ့ သဘာဝပတ်ဝန်းကျင်အရေး လှုံ့ဆော်မှုဆိုင်ရာ သုတေသနပညာရှင် Jane Goodall, ပရော်ဖက်ရှင်နယ် ဘတ်စကက်ဘောကစားသမားနဲ့ စွန့်ဦးတီထွင်သူ Earvin Johnson, ရှေ့နေချုပ်ဟောင်း Loretta Lynch, အမေရိကန်ဖက်ရှင်ဒီဇိုင်နာနဲ့ ပရဟိတသမား Ralph Lauren တို့ ဖြစ်ပါတယ်။

ဒါ့အပြင် သိပ္ပံပညာကို လူအများလက်လှမ်းမီနိုင်စေဖို့နဲ့ အများသူငှာ ထိတွေ့ဆက်ဆံနိုင်စေဖို့ ဆောင်ရွက်ခဲ့တဲ့ ရုပ်မြင်သံကြား အစီအစဉ်တင်ဆက်သူ Bill Nye, မစ်ရှီဂန်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း George W. Romney, ယဉ်ကျေးမှုနှင့် ပညာရေးဆိုင်ရာ လှုပ်ရှားသူ David Rubenstein၊ အမေရိကန်ရုပ်ရှင်သိပ္ပံကို တည်ထောင်သူ George Stevens Jr. တို့လည်း ဆုတံဆိပ်ရရှိခဲ့ပါတယ်။