ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ မိုးထောင်ဖောက်ခွဲမှုတွေနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတွေကို လုပ်ကြံပစ်ခတ်သူတွေကို ဖမ်းမိခဲ့တယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ဇန်နဝါရီ၄ရက်မှာ ထုတ်ပြန်ပါတယ်။

အခုဖမ်းမိသူတွေဟာ ၂၀၂၄ခုနှစ်၊ စက်တင်ဘာ၂၆ရက်ညပိုင်းက အင်းစိန်မြို့နယ် အောင်ဆန်းဈေးရှေ့က အသုပ်ဆိုင်မှာထိုင်နေတဲ့ ရာအိမ်မှူးကို သေနတ်နဲ့လုပ်ကြံပစ်တာ၊ ဒီဇင်ဘာ၅ရက် မနက်ပိုင်းက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်မှာ အမှတ်(၁၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ဇနီးကို ပစ်ခတ်သတ်ဖြတ်တာ၊ ဒီဇင်ဘာ၃၀ရက်မှာ စမ်းချောင်းမြို့နယ်၊ ဖျာပုံလမ်းက ပန်းလှိုင်မိသားစုဆေးခန်းရှေ့မှာ မိုင်းထောင်ဖောက်ခွဲတာ စတာတွေကို ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ်ရာမှာ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီ၁ရက်မှာ ၃ယောက်ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ဖမ်းမိသူတွေရဲ့ ထွက်ဆိုချက်အရ ဇန်နဝါရီ၃ရက်မှာ ၄ယောက်နဲ့ ဇန်နဝါရီ၄ရက် မနက်အစောပိုင်းမှာ ၁ယောက် ထပ်မံဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

အခုလိုဖမ်းမိရာမှာ ပြစ်မှုကျူးလွန်စဉ်အသုံးပြုတဲ့ မော်တော်ယာဉ် ၂ စီး၊ လက်နက်မျိုးစုံခြောက်လက်နဲ့ ခဲယမ်းတွေ၊ ဖောက်ခွဲမှုနဲ့ လက်လုပ်ရှော့တိုက်ဒုံးတွေပြုလုပ်ဖို့ ပြင်ဆင်ထားတဲ့ ဆက်စပ်ပစ္စည်းတွေကိုပါ သိမ်းဆည်းရမိတယ်လို့လည်း ဆိုပါတယ်။

ဖမ်းမိထားသူ စုစုပေါင်း ၈ ယောက်ကို ထိရောက်စွာအရေးယူနိုင်ရေး ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်သလို ဖမ်းဆီးဖို့ကျန်နေသူတွေကိုလည်း အမြန်ဆုံးဖမ်းမိရေး ဆောင်ရွက်သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။