ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်မှာ ဇန်နဝါရီ၊၁ ရက်က ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိတဲ့ ဘိန်းဖြူဘလောက်တုံးတွေ ဖမ်းမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဇန်နဝါရီ၊၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ဖြစ်စဉ်ကတော့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဇန်နဝါရီ၁ရက်၊ ညနေ၆နာရီက ကျိုင်းတုံမြို့နယ်၊ ကျိုင်းဖောင်းကျေးရွာအနီးမှာ ၁၂ဘီးယာဉ်တစ်စီးကို သတင်းအရ ရှာဖွေရာမှာ အမျိုးသား၂ယောက်နဲ့အတူ ငွေကျပ်၁ဒသမ၃၆၅ဘီလီယံတန်ဖိုးရှိတဲ့ ဘိန်းဖြူဘလောက်တုံး ၉၁ကီလိုကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

စစ်ဆေးဖော်ထုတ်ချက်အရ ဒီဘိန်းဖြူတွေကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်ကနေ တာချီလိတ်မြို့နယ်ကို သယ်ဆောင်ရောင်းဝယ်တာဖြစ်တယ်လို့ ဆိုပါတယ်။အခုဖမ်းမိတဲ့အမျိုးသား၂ယောက်ကို ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ကျူးလွန်သူတွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။