လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့တဲ့ အကျဉ်းသားတွေထဲမှာတော့ ပုဒ်မ ၅၀၅ နဲ့ တရားစွဲ ခံရသူ အယောက် ၆၀၀ နဲ့ ကချင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးခက်အောင် နဲ့ နိုင်ငံခြားသားထဲမှာ ထိုင်းနိုင်ငံသား တွေ အများဆုံး ပါဝင်တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါ တယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်မှာ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်း အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၅၈၆၄ ယောက်၊ နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ အယောက် ၁၈၀ တို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ အမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့တဲ့ အကျဉ်းသားတွေထဲမှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ နဲ့ တရားစွဲ ခံရသူ အယောက် ၆၀၀ နဲ့ ကချင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးခက်အောင် တို့ ပါဝင်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါ တယ်။နိုင်ငံခြားသားတွေထဲမှာတော့ ထိုင်းနိုင်ငံသားတွေ အများဆုံး ပါဝင်ပြီး တာချီလိတ်မြို့နယ်မှာ လောင်းကစားမှု နဲ့ ဖမ်းဆီးခံထားရသူတွေ နဲ့ မြန်မာ့ရေပိုင်နက်မှာ ငါးဖမ်းခဲ့တဲ့ ငါးဖမ်းသင်္ဘောပေါ်က အင်ဒိုနီးရှားနိုင်ငံသားတွေ ပါဝင် တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် လွတ်ငြိမ်းနဲ့ ပြန်လွှတ်ပေးတဲ့သူတွေထဲမှာတော့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်က အီလက်ထရောနစ် ဆက် သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က) နဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်လည်း ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။