အခုဘဏ္ဍာနှစ် ဧပြီလကနေ ဒီဇင်ဘာလအထိ ၉ လအတွင်း ပြည်ပကို ရော်ဘာတန်ချိန် တစ်သိန်းခွဲ လောက် တင်ပို့ထားတယ်လို့ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းက သိရပါတယ်။ အခု ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်ထဲမှာ ပြည်ပကို ရော်ဘာတန်ချိန် ၃ သိန်းကျော်တင်ပို့နိုင်ဖို့ လျာထားတယ်လို့ ဆိုပါတယ်။
ပြည်တွင်းကထွက်ရှိတဲ့ ရော်ဘာ ၇၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံကို တင်ပို့နေပြီး အင်ဒိုနီးရှား၊ စင်ကာပူ ၊ ဂျပန်နဲ့ အိန္ဒိယနိုင်ငံတွေကိုလည်း တင်ပို့နေပါတယ်။ လက်ရှိမှာ ပြည်ပကို ရော်ဘာပို့ကုန် နှစ်ဆတိုးမြှင့်နိုင်ဖို့ဆိုရင် ထုတ်လုပ်မှုတိုးဖို့နဲ့ လုပ်သား လိုအပ် ချက်ကို ဖြည့်ဆည်းပေးဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းရဲ့ အတွင်းရေးမှူးဦးခိုင်မြင့်က One News ကို ပြောပါတယ်။
အခုနှစ် ရော်ဘာရာသီမှာ ရော်ဘာခြံတွေမှာ ပိုးကျပြီး အရွက်တွေ ကြွေတာကြောင့် အထွက်နှုန်း ကျဆင်းနိုင်တယ်လို့ခန့်မှန်းထားပြီး ပိုးကျတာကို ကုစားတဲ့အနေနဲ့ အပင်အားဆေးတွေ ပြန်ကျွေးနေရ တယ်လို့ ရော်ဘာခြံပိုင်ရှင်တချို့က ပြောပါတယ်။အခုလထဲမှာ ကမ္ဘာ့ပေါက်ဈေး ကျနေတဲ့အတွက် ပြည်တွင်းရော်ဘာဈေးတွေလည်း အနည်းငယ်ကျနေ တယ်လို့ ရော်ဘာဈေးကွက်က သိရပါတယ်။
လက်ရှိကမ္ဘာ့ရော်ဘာပေါက်ဈေးကတော့ တစ်ကီလိုကို အမေရိကန်ဒေါ်လာ ၁၇၀၀ ကျော် ပေါက်ဈေး ရှိနေပြီး ပြည်တွင်းရော်ဘာတွေကတော့ အမျိုးအစားအလိုက် တစ်ပေါင်ကို ကျပ် ၃၀၀၀ ဝန်းကျင် ဈေးတန်းမှာ ရှိနေပါတယ်။