ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်းလေးဒေသမှာ ရိုးရာလှေပြိုင်ပွဲကို သုံးကြိမ် ကျင်းပသွားမှာဖြစ်တယ်လို့ ရှမ်းပြည်နယ်၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးစည်သူကျော်က ပြောပါ တယ်။
ရိုးရာလှေပြိုင်ပွဲကို အခု ဒီဇင်ဘာလနောက်ဆုံးပတ်မှာ တစ်ကြိမ်၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ တစ်ကြိမ်နဲ့ ဖေဖော်ဝါရီလမှာ တစ်ကြိမ်ကျင်းပသွားမှာ ဖြစ်ပါတယ်။ ရိုးရာလှေပြိုင်ပွဲကျင်းပရတာက အင်းလေးဒေသမှာ ခရီးသွားလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်စေဖို့၊ ခရီးစဉ်အသစ်တွေနဲ့ ခရီးသွားဆွဲဆောင်မှုတွေ ရှာဖွေဖော်ထုတ်နိုင်ဖို့နဲ့ ခြေနဲ့လှော်တဲ့ ရိုးရာဓလေ့တွေ မပျောက်ပျက်စေဖို့၊ လာရောက် လည်ပတ်ကြတဲ့ခရီးသွားဧည့်သည်တွေ ကြည့်ရှုနိုင်ဖို့ ရည်ရွယ်ကျင်းပတာပါ။
အင်းလေးဒေသမှာ ရိုးရာလှေပြိုင်ပွဲကို ဖော်တော်ဦးဘုရားပွဲနဲ့အတူ နှစ်စဉ်ကျင်းပလေ့ရှိတာဖြစ်ပြီး အခုနှစ်မှာ ရာသီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ်ခဲ့တဲ့အတွက် ဖော်တော်ဦးဘုရားပွဲတော်နဲ့ ရိုးရာလှေပြိုင်ပွဲကို မကျင်းပနိုင်ခဲ့ဘူးလို့ သိရပါတယ်။