မကွေးမြို့နယ်အတွင်းမှာ နွားတွေရှားပါးလာပြီး ဝယ်လိုအားများနေတယ်လို့ နွားအရောင်းအဝယ် လုပ်ကိုင်သူတွေဆီကနေ သိရပါတယ်။မြို့နယ်အတွင်း ကျေးရွာတွေမှာ နွားတွေကိုတစ်ပိုင်တနိုင်စနစ်နဲ့မွေးမြူကြပြီး စားကျက်မြေခက်ခဲမှု၊ လုပ်သားရှားပါးမှုတွေကြောင့် ခြံစနစ်နဲ့မွေးမြူသူတွေက မရှိသလောက်နည်းပါးသွားပြီဖြစ်တယ်လို့ဆိုပါတယ်။
တစ်ပိုင်တနိုင်စနစ်နဲ့မွေးမြူရာမှာလည်း လုပ်ငန်းခွင်အသုံးပြုလို့ရတဲ့ ဒေသမျိုးစိတ်တွေကိုသာ မွေးမြူကြတာဖြစ်ပါတယ်။မကွေးနွားဈေးကွက်မှာတော့ ဝယ်ချင်တဲ့သူများနေပေမယ့် ရောင်းတဲ့သူရှားတယ်လို့ မကွေးမြို့နယ် အိုင်ကြီးကုန်း ကျေးရွာက နွားဝယ်ရောင်းလုပ်ကိုင်သူ ဦးစိုးတင့်က ပြောပါတယ်။ လက်ရှိမကွေးနွားဈေးကွက်မှာ လုပ်ငန်းခွင်သုံးနဲ့ ရခိုင်ဒေသဘက်ကိုပို့တဲ့ နွားဆိုပြီးနှစ်မျိုးရှိပါတယ်။
ရခိုင်ကိုပို့တဲ့နွားက တစ်ကောင်ကို ပိဿာချိန် ၁၀၀လောက်ထွက်တဲ့ အကောင်ကြီးမျိုးဖြစ်ပြီးတစ်ကောင်ကို သိန်းနှစ်ဆယ်အထက်မှာရှိပါတယ်။ ခိုင်းနွားစျေးကွက်မှာတော့ နွားရဲ့အခြေအနေအပေါ်မူတည်ပြီး တစ်ကောင်ကို တစ်ဆယ့်ငါးသိန်းကနေ သိန်းသုံးဆယ်အထိရှိတယ်လို့ သိရပါတယ်။မကွေးမြို့နယ်ကနွားတွေကို တောင်တွင်းကြီးနွားဈေး၊ အောင်လံဈေး၊ ရန်နောင်ဈေးတွေကို တင်ပို့ကြပြီး ရန်နောင်ဈေးကို အဓိကတင်ပိုတယ်လို့ သိရပါတယ်။