အမေရိကန်နိုင်ငံ ဝှစ္စကွန်ဆင်ပြည်နယ် မက်ဒီဆင်မြို့က ပုဂ္ဂလိက ခရစ်ယာန်ကျောင်းတစ်ကျောင်းမှာ ဆယ်ကျော် သက်အရွယ် မိန်းကလေးက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ဆရာမ(၁)ယောက်နဲ့ အတန်းဖော်တစ်ယောက် သေဆုံးသွားပါတယ်။ အဲဒီပစ်ခတ်မှုအတွင်း နောက်ထပ် လူ(၆)ယောက်လည်း ဒဏ်ရာရခဲ့တယ်လို့ အမေရိကန် ရဲတပ်ဖွဲ့က တနင်္လာနေ့မှာ ပြောပါတယ်။

မက်ဒီဆင်ရဲတပ်ဖွဲ့ အကြီးအကဲ ရှုန်ဘန်းစ်က တနင်္လာနေ့ညက ပစ်ခတ်မှု ကျူးလွန် ခဲ့သူဟာ ကြွယ်၀ပြည်စုံသော အသက်တာ ခရစ်ယာန်ကျောင်းမှာ တက်ရောက် ပညာသင်ကြားနေတဲ့ အသက် (၁၅)နှစ်အရွယ် ကျောင်းသူဖြစ်တယ်လို့ ပြောပါတယ်။ ဒီနေ့ မက်ဒီဆင်မြို့အတွက်သာမကဘဲ တစ်နိုင်ငံလုံး အတွက် ဝမ်းနည်းဖွယ်ရာ နေ့တစ်နေ့ဖြစ်တယ်လို့ မက်ဒီဆင် ရဲတပ်ဖွဲ့ အကြီးအကဲ ဘန်းစ်က ပြောပါတယ်။

ရဲတပ်ဖွဲ့က အခုပစ်ခတ်မှုနဲ့ ဆက်စပ်ပြီး ပစ်ခတ်မှုကျူးလွန်ခဲ့သူရဲ့ မိသားစုဝင်တွေကို တရားဥပဒေအရ စွဲချက်တင် တာတွေ လုပ်ဖို့မရှိပေမဲ့ ကျူးလွန်သူရဲ့ အမည် ကိုယ်ရေးအချက်အလက်တွေကို ထုတ်ပြန်ဖို့အတွက် မိသားစုဝင် တစ်ယောက်ချင်းစီကို ဖြစ်စဉ်နဲ့ ပတ်သက်ပြီး လူစေ့ လိုက်လံ အသိပေးမှုတွေ လုပ်နေပါတယ်။