ထိုင်းနိုင်ငံမှာပြုလုပ်မယ့် မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အလွတ်သဘောအစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေဦးဆောင်ပြီး တက်ရောက်သွားမှာဖြစ်တယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒီဇင်ဘာ ၁၉ ရက်မှာပြုလုပ်မယ့် အဲ့ဒီအစည်းအဝေးကို မြန်မာနိုင်ငံရဲ့ အိမ်နီးနားချင်းနိုင်ငံတွေဖြစ်ကြတဲ့ တရုတ်၊ လာအို၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက ဝန်ကြီးအဆင့်ရှိသူတွေ၊ ဒုတိယဝန်ကြီးအဆင့်ရှိသူတွေနဲ့ တာဝန်ရှိသူတွေလည်း တက်ရောက်မယ်လို့ ဆိုပါတယ်။ဒီအစည်းအဝေးမှာ နယ်စပ်ရေးရာကိစ္စတွေ၊ နယ်စပ်ဖြတ်ကျော်မှုခင်းဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးသွားမှာဖြစ်ပြီး နယ်စပ်ဒေသတည်ငြိမ်ရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေး တို့ကိုပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

‘ဝ’အဖွဲ့နဲ့ပတ်သက်တဲ့ ကိစ္စတွေကတော့ သီးခြားကိစ္စရပ်သာဖြစ်ပြီး မြန်မာနဲ့ထိုင်းကြားမှာ ဖွဲ့စည်းထားတဲ့ နယ်ခြားကော်မတီအဆင့်ဆင့်ရဲ့ ပုံမှန်အစည်းအဝေးတွေမှာပဲ ဆွေးနွေးဖြေရှင်းသွားရမှာဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။