၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစတင်ပြီး မြန်မာနိုင်ငံသားနဲ့ မြန်မာနိုင်ငံမှာနေထိုင်နေတဲ့ အခြားနိုင်ငံသား တွေအနေနဲ့ ထိုင်းနိုင်ငံကို ဝင်ရောက်ဖို့ ဗီဇာလျှောက်ရာမှာ ဗီဇာအမျိုးအစားအားလုံးကို e-Visa စနစ်အသစ်နဲ့သာ လျှောက်ထားနိုင်တော့မှာဖြစ်တယ်လို့ ရန်ကုန်မြို့ရှိ ထိုင်းသံရုံးက ဒီဇင်ဘာလ ၁၂ ရက်က ထုတ်ပြန်ထားပါတယ်။
e-Visa နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ထိုင်း e-Visa ဝက်ဘ်ဆိုဒ်မှာ ဝင်ရောက်လေ့လာနိုင်ပြီး ဗီဇာ လျှောက်ထားမယ့်သူတွေက ပတ်စပို့နဲ့ ဗီဇာလျှောက်ဖို့လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ထိုင်းနိုင်ငံသံရုံးကို လူကိုယ်တိုင် လာရောက်တင်ပြဖို့ မလိုတော့ဘူးလို့ သိရပါတယ်။e-Visa နဲ့ ဗီဇာလျှောက်လွှာတွေ တင်သွင်းပြီးရင် ဗီဇာကြေးအမေရိကန်ငွေသားကို ချိန်းဆိုထားတဲ့ရက်မှာ ထိုင်းသံရုံး ဗီဇာကောင်တာမှာ မနက် ၉ နာရီကနေ မနက် ၁၁ နာရီခွဲအထိ လာရောက်ပေး သွင်းနိုင်တယ်လို့ ဆိုပါတယ်။
ဗီဇာလျှောက်ထားသူတွေက စာရွက်စာတမ်းအပြည့်အစုံ မတင်သွင်းတာ၊ စာရွက်စာတမ်း အတုတင်သွင်းတာတွေ ပြုလုပ်ရင် ဗီဇာလျှောက်လွှာကို ပယ်ချမှာဖြစ်ပြီး e-Visa စနစ်မှာ ဗီဇာလျှောက်လွှာတွေကို စိစစ်အကဲဖြတ်တဲ့ ကြာချိန်ဟာ ၁၀ ရက်ကနေ ၁၅ ရက်လောက် ကြာမြင့်မှာဖြစ်တယ်လို့ သိရပါတယ်။e-Visa စနစ်နဲ့ လျှောက်ထားတဲ့ ဗီဇာလျှောက်လွှာကို အတည်ပြုပြီးရင် လျှောက်ထားသူဟာ အတည်ပြုအီးမေးလ် ရရှိမှာဖြစ်ပြီး အတည်ပြုအီးမေးလ်ကို လေဆိပ်နဲ့ထိုင်းလဝကကိုပြသဖို့ ပရင့်ထုတ်ယူထားရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ထိုင်းကောင်စစ်ဝန် ဝက်ဘ်ဆိုဒ်မှာ ဗီဇာရက်ချိန်းယူထားသူတွေကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ အထိသာ လျှောက်လွှာလက်ခံသွားမှာဖြစ်ပြီး e-Visa စနစ်အပြောင်းအလဲလုပ်တာတွေပြင်ဆင်ဖို့ ဒီဇင်ဘာလ ၂၅ ရက်ကနေ ၃၁ ရက်အထိ ဗီဇာလျှောက်လွှာတွေကို လက်ခံတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။