အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်မြေမှာ မွေးဖွားသူတွေ အလိုအလျောက် မွေးရာပါ နိုင်ငံသားဖြစ်ခွင့်ရရှိမှုကို အဆုံးသတ် ပယ်ဖျက်သွားမယ်လို့ ကတိပြုလိုက်ပါတယ်။

ဒါ့အပြင် သူ သမ္မတတာဝန် ပထမဆုံး ထမ်းဆောင်တဲ့နေ့မှာ ဖြစ်ပွားခဲ့တဲ့ ၂၀၂၁ ခုနှစ် ကက်ပီတိုလ်အဓိကရုဏ်းမှာ ပါဝင်ခဲ့သူတွေကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးဖို့ ဆောင်ရွက်သွားမယ်လို့လည်း ပြောလိုက်ပါတယ်။ အဲဒီ အဓိကရုဏ်းမှာ ပါဝင်ခဲ့သူတွေဟာ အခု ငရဲမှာ နေရသလို ကြုံတွေ့နေရတယ်လို့ NBC သတင်းဌာနရဲ့ သောကြာနေ့ ရုပ်သံအစီအစဉ်မှာ ဒေါ်နယ်ထရမ့်က ပြောသွားတာပါ။

မွေးရာပါ နိုင်ငံသားဖြစ်ခွင့်ကို ပယ်ဖျက်တဲ့အခါ တချို့ အထောက်အထား မပြည့်စုံတဲ့ ရွှေ့ပြောင်း အခြေချသူတွေကို အကူအညီပေးဖို့အရေး ဒီမိုကရက်တွေနဲ့အတူ အလုပ်လုပ်သွားမယ်လို့ ထရမ့်က ကမ်းလှမ်းထားပါတယ်။